ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- မေလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စစ်တွေမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် သစ်ပင်ဖြတ်စက်များ၊ သံဖြတ်စက်များနှင့် စွမ်းအားမြင့် ဟိုက်ဒရောလစ် ဖြတ်စက်များ လက်တွေ့အသုံးချ သရုပ်ပြသမှု၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်၌ ဆေးကုသရေးအဖွဲ့က ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် ကျန်းမာရေးအသိပညာပေးနေမှု၊ ကမ်းနားလမ်းရှိ ကျောက်စီမြေထိန်းနံရံများ၊ ကွန်ကရစ်လမ်း၊ ပလက်ဖောင်းများပျက်စီးနေမှု၊ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှုနှင့် အမြန်ဆုံးဖြန့်ခွဲနိုင်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့။
- မေလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ စစ်တွေတပ်နယ်နှင့် ကျောက်ဖြူမြို့၊ စစ်တောတပ်နယ်ရှိ နယ်မြေခံတပ်ဌာနချုပ်များ၊ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှုများ၊ ကူညီ ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးနေသော စစ်ရေယာဉ်မှူးများ၊ နယ်မြေခံရေတပ်အခြေစိုက်စခန်းများကို တွေ့ဆုံစစ်ဆေး၍ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့။
- မေလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးတို့သည် သောက်သုံးရေခက်ခဲနေသာ ရပ်ကွက်များသို့ သောက်သုံးရေများ ဖြန့်ဝေပေးခြင်း၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်နေခြင်း၊ လျှပ်စစ် ဓာတ်တိုင်များ ထရန်စမော်မာများ ပြင်ဆင်နေခြင်းတို့ကို ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
- ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ဆက်သွယ်ရေးအော်ပရေတာလေးခု၏ မိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ပြုပြင်ခြင်းများ အမြန်ဆုံးဆောင်ရွက်ခဲ့ရာ မေလ ၂၉ ရက်အထိ မိုဘိုင်းစခန်းစုစုပေါင်း ၇၉၃ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့ သဖြင့် ၉၁ ရာခိုင်နှုန်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ပြီဖြစ်။
- မေလ ၃၀ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် စစ်တွေ၊ မင်းပြား၊ မြောက်ဦးတပ်နယ်တို့ရှိ နယ်မြေခံတပ်များသို့ သွားရောက်၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သောက် သုံးရေလုံလောက်စွာရရှိရေးနှင့် စိုက်ပျိုး/ မွေးမြူရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့။
- မေလ ၃၀ ရက်တွင် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်ဖြူ၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လမ်းဘေး ဘယ်/ညာ၌ လဲကျနေသော သစ်ပင်ကြီးများ၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ သောက်သုံးရေသန့်နှင့် စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။
- မေလ ၃၀ ရက်အထိ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးအတွင်းရှိ ဆေးကုသဆောင်များ၊ ဆေးသိုလှောင်ရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများ စုစုပေါင်း ၂၄ ဆောင်အနက် ၉ ဆောင်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးမှူးရုံးနှင့် ဆေးသိုလှောင်ရုံ စုစုပေါင်းအဆောင် ၄ ဆောင်အနက် ၂ ဆောင်၊ သူနာပြုသင်တန်းကျောင်းရှိ စာသင်ဆောင်၊ အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာ ၉ ဆောင်အနက် ဝန်ထမ်းအိမ်ရာတစ်ဆောင် ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်။
ထိုသို့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၅-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိ။
- မေလ ၂၉ ရက်အထိ မိုဘိုင်းစခန်းစုစုပေါင်း ၇၉၃ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့သဖြင့် ၉၁ ရာခိုင်နှုန်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ပြီဖြစ်။
- ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးအတွင်းရှိ အဆောင် ၉ ဆောင်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးမှူးရုံးနှင့် ဆေးသိုလှောင်ရုံရှိ အဆောင် ၂ ဆောင်၊ သူနာပြုသင်တန်းကျောင်းရှိ ဝန်ထမ်းအိမ်ရာတစ်ဆောင်တို့ကို ပြင်ဆင် ဆောင်ရွက်ပြီးဖြစ်။
Add new comment