နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool ဦးဆောင်သည့် အဖွဲ့ဝင်များက မေလ ၃၀ ရက်တွင် တောင်ကြီးမြို့၊ ပင်လုံရိပ်သာဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ယခုနှစ်သည် မြန်မာ-ရုရှားနှစ်နိုင်ငံသံတမန်ဆက်ဆံမှု (၇၅)နှစ်ပြည့်မြောက်သည့်နှစ်ဖြစ်ပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံကဏ္ဍပေါင်းစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ သိပ္ပံနှင့်နည်းပညာရပ်ပိုင်းဆိုင်ရာပညာရပ်များအပါအဝင် လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ပညာတော်သင်များ စေလွှတ်လျက်ရှိသည့် အခြေအနေများ၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီထောက်ပံ့မှုများ ပေးအပ်သွား မည့်အခြေအနေများ၊ နှစ်နိုင်ငံအပြန်အလှန် ခရီးသွားလာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် ဒူးမားလွှတ်တော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၄-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌတို့တွေ့ဆုံ၍ နှစ်နိုင်ငံကဏ္ဍပေါင်းစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများအတွက် ရုရှာဖက်ဒရေးရှင်းနိုင်ငံမှ ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည့်အခြေအနေများနှင့် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့။

Add new comment