နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂၉ ရက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ဟိုပုံးမြို့ရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကော်ဖီစိုက်ဧကတိုးမြှင့်နိုင်ရေးနှင့် ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်မှချေးငွေဆောင်ရွက်ပေးစေလိုမှု၊ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းများ တိုးတက် စေရေးအတွက် စက်ရုံတိုးချဲ့မှုများဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုချေးငွေများ ထုတ်ချေးပေးစေလိုမှု၊ ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်မီးလိုအပ်ချက်များကို ဖြည့်ဆည်းပေးစေလိုမှုနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို အသီးသီးတင်ပြ ဆွေးနွေးကြရာ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်းပြောကြားခဲ့ပါသည်။
လုပ်ငန်းရှင်များ၏ ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားပေးဆောင်ရွက်လျက်ရှိမှုများနှင့် အခြားလိုအပ်သည်များကို ဆွေးနွေး ပြောကြားခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားရာတွင်-
-
နိုင်ငံ၏စီးပွားရေးတိုးတက်ရန်အတွက် အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
-
မိမိတို့နိုင်ငံ၏ စီးပွားရေးမတိုးတက်ရခြင်း၏ အကြောင်းရင်းမှာ ကုန်ထုတ်လုပ်မှုများ နည်းပါးနေခြင်းကြောင့်ပင်ဖြစ်ကြောင်း။
-
ပအိုဝ်းဒေသတွင် စပါးစိုက်ပျိုးရာ၌ တစ်ဧကချင်းအထွက်နှုန်းမှာ ၆၇ တင်းခန့်သာ ထွက်ရှိသဖြင့် တစ်ဧကချင်းအထွက်နှုန်းကို ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ပိုမိုစိုက်ပျိုးနိုင်မည်ဆိုပါက ဒေသအတွက် များစွာအကျိုးရှိနိုင်မည်ဖြစ်ကြောင်း။
-
ကော်ဖီနှင့် လက်ဖက်များကို စိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်းများ နည်းပါးနေသဖြင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ ယခုထက်တိုးတက်လာမည်ဖြစ်ကြောင်း။
-
ပအိုဝ်းဒေသအတွင်း မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ ထုတ်ကုန်များကို ပိုမိုဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်စေလိုကြောင်း။
-
ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်း။
-
လျှပ်စစ်ဓာတ်အားရရှိမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ဒေသတွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။
-
လုပ်ငန်းဆောင်ရွက်ရန်လိုအပ်သည့် အရင်းအနှီးများကိုလည်း သတ်မှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ စည်းကမ်းဥပဒေများနှင့်အညီ နိုင်ငံတော်မှ ထုတ်ချေးပေးလျက်ရှိကြောင်း။
-
MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းမှာ ကုန်ထုတ်လုပ်မှုများ တိုးတက်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေးနှင့် ပြည်ပသို့ကုန်ပစ္စည်းများတင်ပို့နိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
-
ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းနေထိုင်ကြသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များစသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟိုပုံးမြို့ရှိ ဟိုပုံးရေထွက်ကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က ရေကန်အတွင်းနှင့် ရေကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်နှင့် အခြား လိုအပ်သည်များဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မေလ ၂၈ ရက်တွင် တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်နှင့် ရွှေဘုန်းပွင့်စေတီတော် မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စေတီတော်ကြီးများအား ရေရှည်တည်တံ့ခိုင်မြဲပြီး ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ရန်အတွက် လိုအပ်သည် များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၅-၂၀၂၃)
-
နိုင်ငံ၏စီးပွားရေးတိုးတက်ရန်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်။
-
ပအိုဝ်းဒေသတွင် စပါးစိုက်ပျိုးရာ၌ တစ်ဧကချင်းအထွက်နှုန်းမှာ ၆၇ တင်းခန့်သာ ထွက်ရှိသဖြင့် တစ်ဧကချင်း အထွက်နှုန်းကို ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ပိုမိုစိုက်ပျိုးနိုင်မည်ဆိုပါက ဒေသအတွက် များစွာအကျိုးရှိနိုင်မည်ဖြစ်။
-
လျှပ်စစ်ဓာတ်အားရရှိမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ဒေသတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလို။
-
လုပ်ငန်းဆောင်ရွက်ရန်လိုအပ်သည့် အရင်းအနှီးများကိုလည်း သတ်မှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ စည်းကမ်းဥပဒေများနှင့်အညီ နိုင်ငံတော်မှ ထုတ်ချေးပေးလျက်ရှိ။
-
MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းမှာ ကုန်ထုတ်လုပ်မှုများ တိုးတက်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေးနှင့် ပြည်ပသို့ကုန်ပစ္စည်းများတင်ပို့နိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်။
Add new comment