နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်ဘုရားကြီးသည် သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက မေလ ၂၆ ရက်တွင် သွားရောက်ဖူးမြော်ကြည်ညို၍ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား လာရောက်ဖူးမြော်ကြသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်းဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား ခရီးဦးကြိုပြုပြီး လျှောက်ထားရာတွင်-
- ဆရာတော်ဘုရားကြီးသည် သက်တော်ရှည်ဆရာတော်ကြီးဖြစ်သည့်အပြင် ၂၀၁၀ ပြည့်နှစ်မှစ၍ ပျံလွန်တော်မူသည့်တိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ၁၃ နှစ် နီးပါးတာဝန်ထမ်းဆောင်ခဲ့ကြောင်း။
- ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကို နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ပူဇော်သွားနိုင်ရေး စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။
- ၂၀၁၀ ပြည့်နှစ်မှစ၍ သာသနာ့ဦးသျှောင်တာဝန်များကို ထမ်းဆောင်ခဲ့သည့် ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ရခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်သည့်အတွက် များစွာကြေကွဲဝမ်းနည်းမိပါကြောင်း။
- ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား လာရောက်ဖူးမြော်ကြည်ညိုကြမည့် ရဟန်း၊ ရှင်လူ၊ မိဘပြည်သူများ အဆင်ပြေစေရေးအတွက်လည်း စနစ်တကျစီစဉ်သွားမည်ဖြစ်ပါကြောင်းဖြင့် တင်ပြလျှောက်ထားပြီး ဆရာတော်ကြီး၏ ဩဝါဒခံယူကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစု များမှ လှူဒါန်းသည့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ပါ သည်။
ဗန်းမော်ဆရာတော်ဘုရားကြီးသည် “ပရိယတ္တိသာသနဟိတဓမ္မာစရိယ၊ ဝဋံသ ကာ၊ BA (မန်းတက္ကသိုလ်)၊ သာသနဓဇသိရီ ပဝရဓမ္မာစရိယဘွဲ့”၊ “ပါဠိသိရောမဏိ” ဘွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့မှ ဆက်ကပ်သော ဂုဏ်ထူးဆောင် ဓမ္မပါရဂူ (D.Litt) ဘွဲ့၊ ရန်ကုန်တက္ကသိုလ်မှ ဆက်ကပ်သော Doctor of Letters (D.Litt) ဘွဲ့၊ ကိုးရီးယားနိုင်ငံ၊ Sehan University မှ ဆက်ကပ်သော ဘာသာ ရေးအတွေးအခေါ် ဘာသာရပ်ဂုဏ်ထူးဆောင် (Ph.D) ပါရဂူဘွဲ့တို့ကို ရရှိတော်မူခဲ့ကြောင်း၊ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သောကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင် “အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်နှင့် ၂၀၁၁ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၅-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗန်းမော်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညို၍ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
Add new comment