သစ်တောပညာ နှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို မေလ ၂၆ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သစ်တောပညာနှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ်ကမ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးခဲ့ပြီးနောက် အဖွင့်အမှာစကားပြောကြားရာတွင်-
- လူသားများနှင့် သဘာဝဂေဟစနစ်တစ်ခုလုံးကို အကျိုးပြုနေသည့် သစ်တောသစ်ပင်များ ပြုစုထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးတာဝန်သည် အထူးအရေးကြီးလှကြောင်း။
- သစ်တောသစ်ပင်များ ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရန် သစ်တောပညာရှင်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှကြောင်း။
- မြန်မာ့သစ်တောများသည် မြန်မာနိုင်ငံကြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း များစွာကို ဖြစ်ပေါ်စေရန် ဖန်တီးပေးနိုင်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
- ၁၉၂၂ ခုနှစ်တွင် အိန္ဒိယအစိုးရက မြန်မာ့သစ်တောများ စီမံအုပ်ချုပ်ရေးကို မြန်မာအစိုးရထံလွှဲပြောင်း ပေးအပ်ခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံသစ်တောအဖွဲ့အစည်း (Burma Forest Services) ကို ဖွဲ့စည်းခဲ့ပါကြောင်း။
- အဖွဲ့တွင်တာဝန်ထမ်းဆောင်မည့်သူများကို တက္ကသိုလ်အဆင့် သစ်တောပညာရပ်များ သင်ကြားပေးနိုင်ရန်ရည်ရွယ်ပြီး ရန်ကုန်တက္ကသိုလ်၊ သစ်တောပညာဌာနကို ၁၉၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း။
- သစ်တောပညာဌာနကို ရန်ကုန်တက္ကသိုလ်၊ သိပ္ပံမဟာဌာန(Faculty of Sciences)အောက်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် သစ်တောပညာမဟာဌာန (Faculty of Forestry) အဖြစ်အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း။
- သစ်တောပညာရပ်များကို ပိုမိုပြီးကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်ရန်အတွက် ၁၉၉၂ ခုနှစ်တွင် သစ်တောတက္ကသိုလ်(Institute of Forestry)အဖြစ် မြှင့်တင်ပေးနိုင်ခဲ့သည့်အပြင် တတ်ကျွမ်းမှုပညာရေးဆိုင်ရာ တက္ကသိုလ် (Professional Institute) အဖြစ်လည်း သတ်မှတ်ပေးနိုင်ခဲ့ကြောင်း။
- ၂၀၀၃ ခုနှစ်တွင် သစ်တောတက္ကသိုလ် University အဆင့်သတ်မှတ်ပြီး University of Forestry ဖြစ်လာခဲ့ကြောင်း။
- သစ်တောပညာရှင်များကို သင်ကြားမွေးထုတ်ပေးရာတွင် သစ်တောပညာဘာသာရပ်များကိုသာမက နှီးနွှယ်နေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်များကိုလည်း ပိုမိုလေ့လာနိုင်စေရန်ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (University of Forestry and Environmental Science)အဖြစ် ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့ကြောင်း။
- သစ်တောတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပညာရေး၊ သုတေသနနှင့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည့် အဆင့်မီတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေး” ဆိုသည့် အချက်ကို အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူအားလုံးက ဦးတည်ချက်ထား ကြိုးပမ်းဆောင်ရွက်သွားကြရမည်ကိုလည်း အလေးအနက်ထား ပြောကြားလိုကြောင်း။
- သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် သစ်တောသိပ္ပံဘွဲ့ရများသည် အမေရိကန်၊ ဂျာမနီ၊ ဩစတြေးလျ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယားအပါအဝင် ပြည်ပနိုင်ငံများမှာ မဟာသိပ္ပံဘွဲ့သင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများကို အရည်အချင်းပြည့်မီစွာဖြင့် တက်ရောက် သင်ယူနိုင်ခဲ့ကြကြောင်းနှင့် နိုင်ငံတကာကျောင်းသား/ကျောင်းသူများနှင့် ရင်ဘောင်တန်းပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသည်ကို သိရှိရသည့်အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိသည်ကို မှတ်တမ်းတင်လိုကြောင်း ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သစ်တောပညာနှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း(၁၀၀)ကိုလည်းကောင်း၊ သစ်တောပညာနှစ်(၁၀၀)ပြည့်အထိမ်းအမှတ် တက္ကသိုလ်အဆင့်နှင့် အထက်တန်း အဆင့် ကဗျာ၊ ဆောင်ပါး၊ ဉာဏ်စမ်းပဟေဠိ၊ စာစီစာကုံးပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့ကြသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သစ်တောပညာနှစ်(၁၀၀)ပြည့်အထိမ်းအမှတ် တက္ကသိုလ်အဆင့်နှင့် အထက်တန်းအဆင့် ကဗျာ၊ ဆောင်ပါး၊ ဉာဏ်စမ်းပဟေဠိ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဒုတိယဆုရရှိသူများ ကိုလည်းကောင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တတိယဆုရရှိကြသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော် ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၅-၂၀၂၃)
- လူသားများနှင့် သဘာဝဂေဟစနစ်တစ်ခုလုံးကို အကျိုးပြုနေသည့် သစ်တောသစ်ပင်များ ပြုစုထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးတာဝန်သည် အထူးအရေးကြီး။
- သစ်တောသစ်ပင်များ ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရန် သစ်တောပညာရှင်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီး။
- မြန်မာ့သစ်တောများသည် မြန်မာနိုင်ငံကြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း များစွာကို ဖြစ်ပေါ်စေရန် ဖန်တီးပေးနိုင်သည်ကို အားလုံးအသိပင်ဖြစ်။
- သစ်တောတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် “ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောကဏ္ဍဆိုင်ရာ ပညာရေး၊ သုတေသနနှင့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည့် အဆင့်မီတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေး” ဆိုသည့် အချက်ကို အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူအားလုံးက ဦးတည်ချက်ထား ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်။
Add new comment