နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၆ ရက်တွင် ကောင်စီတွဲဖက်အတွင်းရေးမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မန္တလေးနန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မှန်နန်းတော်ကြီး၊ ဗောင်းတော်ဆောင်၊ ညီလာခံကျင်းပရာအဆောင်များ၊ မှန်နန်းဆောင်၊ အလယ်နန်းဆောင်တို့အပါအဝင် ရွှေနန်းတော်ကြီးအတွင်း လှည့်လည်ကြည့်ရှု ကြရာ မြနန်းစံကျော်ရွှေနန်းတော်ကြီး အဝန်းအဝိုင်းတစ်ခုလုံးကို ထိန်းသိမ်းထားရှိမှုများနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က-
- မြနန်းစံကျော်ရွှေနန်းတော်ကြီးသည် အခြားနန်းတော်ကြီးများနှင့်မတူဘဲ တည်ဆောက်ပုံ၊ တည်ရှိပုံများနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာများ ပြည့်ပြည့်စုံစုံရှိသည့် နန်းတော်ကြီးဖြစ်ကြောင်း။
- ကိုလိုနီခေတ်ကတည်းက ပြည်တွင်း၊ ပြည်ပမှတ်တမ်းမှတ်ရာ၊ အကိုးအကားများ စုံစုံလင်လင်ရှိပြီးဖြစ်သည့်အတွက် ခိုင်မာသည့် သမိုင်းအထောက်အထားများ၊ မှတ်တမ်းမှတ်ရာများနှင့်ကိုက်ညီအောင် အတတ်နိုင်ဆုံးဆောင်ရွက်သွား ရန်လိုကြောင်း။
- နန်းတော်ကြီးအတွင်းရှိ အဆောင်များအလိုက် အခန်းများအတွင်း ရှေးခေတ်အသုံးအဆောင်များနှင့် ပုံစံတူများထားရှိနိုင်ရေး မှတ်တမ်းများ ပြန်လည်ကြည့်ရှု ဆောင်ရွက်သွားရန်လိုကြောင်း။
- ပလ္လင်တော်အပါအဝင် အချို့သောအသုံးအဆောင်ပစ္စည်းများကို ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် မှန်ကာရံခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း။
- ရှေးဟောင်းအမွေအနှစ်လက်ရာများဖြစ်သည့်အတွက် အထူးဂရုပြုထိန်းသိမ်း စောင့်ရှောက်သွားရန်လိုကြောင်းနှင့် သန့်ရှင်းသပ်ရပ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက လာရောက်လေ့လာသူများကိုလည်း ပိုမိုဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း မှာကြားခဲ့။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြနန်းစံကျော်ရွှေနန်းတော်ကြီး သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် နန်းတွင်းအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမှုများကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၇-၅-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့။
- မြနန်းစံကျော်ရွှေနန်းတော်ကြီးသည် အခြားနန်းတော်ကြီးများနှင့်မတူဘဲ တည် ဆောက်ပုံ၊ တည်ရှိပုံများနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာများ ပြည့်ပြည့်စုံစုံရှိသည့် နန်းတော်ကြီးဖြစ်။
- ရှေးဟောင်းအမွေအနှစ်လက်ရာများဖြစ်သည့်အတွက် အထူးဂရုပြုထိန်းသိမ်း စောင့်ရှောက်သွားရန်။
Add new comment