ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များက လိုအပ်သည့် ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- မေလ ၂၅ ရက်နှင့် ၂၇ ရက်တို့တွင် ဗိုလ်မှူးချုပ်ခင်ဇော်က မင်းပြားမြို့နှင့် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြေပုံမြို့နယ်တို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှပေးပို့သော ဆန်နှင့်စားသောက်ဖွယ်ရာများ သယ်ဆောင်လာသည့် ကုလားတန်ရေယာဉ်ပေါ်မှ ပစ္စည်းများကို နယ်မြေခံတပ်မတော်သားများနှင့် ဝန်ထမ်းများက သယ်ယူပို့ဆောင်ပေးနေမှုကို ကြည့်ရှုပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့။
- မေလ ၂၆ ရက်နှင့် ၂၇ ရက်တွင် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ လဲကျနေသော သစ်ပင်ကြီးများ၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ သောက်သုံးရေသန့်နှင့် စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။
- မေလ ၂၆ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့။
- မေလ ၂၇ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ပြုပြင်ပြီးစီးမှုနှင့် စစ်တွေစာတိုက်အဆောက်အအုံ ပြန်လည်ပြုပြင်ရန် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့။
- မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် စစ်တွေမြို့ရှိ ရုပ်သံထုတ်လွှင့်မှုစက်ရုံများကို ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိရာ မေလ ၂၂ ရက်မှ စတင်၍ မြဝတီရုပ်သံ လိုင်းအား 642 MHz (၁၃၀ ဝပ်)ဖြင့်လည်းကောင်း၊ သဇင် FM အား 88.6 MHz (၅၄၀ ဝပ်)ဖြင့်လည်းကောင်း ၆ မိုင်ခန့်အကွာ အဝေးထိ ကောင်းမွန်စွာဖမ်းယူနိုင်ခဲ့ပြီး မြဝတီထပ်ဆင့်လွှင့်စက်ရုံနှင့် သဇင် FM ထပ်ဆင့်လွှင့်စက်ရုံများမှ ထုတ်လွှင့်သည့်ရုပ်သံလိုင်းများအား မူလအတိုင်းဖမ်းယူကြည့်ရှုနိုင်ရန် နေ့/ည မပြတ်ဆောင်ရွက်လျက်ရှိ။
- ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ဆက်သွယ်ရေးအော်ပရေတာလေးခု၏ မိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ပြုပြင်ခြင်းများ အမြန်ဆုံးဆောင်ရွက်ခဲ့ရာ မေ ၂၇ ရက်အထိ မိုဘိုင်းစခန်းစုစုပေါင်း ၇၆၈ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့သဖြင့် ၈၈ ဒသမ ၉၇ ရာခိုင်နှုန်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ပြီဖြစ်။
- ရခိုင်ပြည်နယ်အတွင်းရှိ ရေငန်တားတာ ၃၂ ခုအနက် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော တာများကို မိုးမကျမီပြုပြင်ပေးနိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏမှာ မြေကျင်းစုစုပေါင်း ၃၂၉၃၃ ကျင်းရှိသည့်အတွက် မေ ၂၇ ရက်အထိ မြေကျင်းပေါင်း ၁၀၃၆၅ ကျင်းခန့် ပြီးစီးပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၄၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်။
ထိုသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၅-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။
- ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိရာ မေလ ၂၂ ရက်မှ စတင်၍ မြဝတီရုပ်သံလိုင်းအား 642 MHz (၁၃၀ ဝပ်)ဖြင့်လည်းကောင်း၊ သဇင် FM အား 88.6 MHz (၅၄၀ ဝပ်)ဖြင့်လည်းကောင်း ၆ မိုင်ခန့်အကွာအဝေးထိ ကောင်းမွန်စွာဖမ်းယူနိုင်ခဲ့။
- ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်မှုပြတ်တောက်ခဲ့သည့် မိုဘိုင်းစခန်းများကို ပြုပြင်ခြင်းများအမြန်ဆုံးဆောင်ရွက်ခဲ့ရာ မေ ၂၇ ရက်အထိ မိုဘိုင်းစခန်း စုစုပေါင်း ၇၆၈ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့သဖြင့် ၈၈ ဒသမ ၉၇ ရာခိုင်နှုန်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေး နိုင်ပြီဖြစ်။
Add new comment