ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
- မေလ ၂၃ ရက်တွင် တတိယအကြိမ် အာဆီယံ-ရုရှားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့။
- မေလ ၂၄ ရက်တွင် (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ထိုင်းနိုင်ငံလုံခြုံရေးကောင်စီ၏ ဒုတိယအထွေထွေအတွင်းရေးမှူး ချုပ် မစ္စတာရူချာကွန်နာပါပွန်ပီပတ်နှင့်လည်းကောင်း၊ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာနီကိုလိုင်ပက်ထရူရှပ်ဗ်နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့် မစ္စတာချန်ဝမ်ကျင်းနှင့်လည်းကောင်း တက်ရောက်တွေ့ဆုံခဲ့။
- မေလ ၂၄ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nik-olay Patrushev က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံပေါင်း ၁၀၃ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းခြောက်ခုတို့မှ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့။
- မေလ ၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အိန္ဒိယနိုင်ငံ၏ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မစ္စတာရာဂျင်ဒါခန်နား (H.E. Mr. Rajinder Khanna)နှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ (Bilateral Meeting) ပြုလုပ်ခဲ့ပြီးနောက် (၁၁) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့။
- မေလ ၂၅ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်သည် ရုရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး H.E. Mr. I.N.Zubov နှင့် တွေ့ဆုံ၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များကို နှစ်နိုင်ငံအတူတကွ ပူးပေါင်း ဖြေရှင်းနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
ဆွေးနွေးပွဲများနှင့် အစည်းအဝေးများတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှုအပေါ် သက်ရောက်နေသည့် အရေးယူပိတ်ဆို့မှုများ၊ ကမ္ဘာ့ဈေးကွက်အခြေအနေများ၊ လွတ်လပ်စွာကုန်သွယ်မှုနှင့် အင်အားကြီးနိုင်ငံများ၏ အုပ်စုဖွဲ့ခြယ်လှယ်မှုအား တားဆီးရန်လိုအပ်မှုအခြေအနေ များ၊ မိမိတို့ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးဟူသော အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေး၊ စားနပ်ရိက္ခာလုံခြုံရေးတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အနေဖြင့် မိတ်ဖက်နိုင်ငံအားလုံးနှင့်အတူ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာ-ထိုင်း၊ မြန်မာ-ရုရှား၊ မြန်မာ-တရုတ်၊ မြန်မာ-အိန္ဒိယနိုင်ငံများအကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၇ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၅-၂၀၂၃)
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့။
- ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှုအပေါ် သက်ရောက်နေသည့် အရေးယူပိတ်ဆို့မှုများ၊ ကမ္ဘာ့ဈေးကွက်အခြေအနေများ၊ လွတ်လပ်စွာကုန်သွယ်မှုနှင့် အင်အားကြီးနိုင်ငံများ၏ အုပ်စုဖွဲ့ခြယ်လှယ်မှုအား တားဆီးရန်လိုအပ်မှုအခြေအနေများ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်အေးချမ်းရေး၊ စားနပ်ရိက္ခာလုံခြုံရေးတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံအားလုံးနှင့်အတူ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
Add new comment