တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကို မေလ ၂၆ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပခဲ့ရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
- တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေးကို ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၉) ကြိမ်မြောက်ဖြစ်ပြီး ဆုံးဖြတ်ချက် (၂၈၀) ချမှတ်နိုင်ခဲ့ကြောင်း။
- ပြုပြင်ပြောင်းလဲမှုများနှင့် လုပ်ဆောင်ချက်များကို ကြည့်မည်ဆိုပါက ''ညောင်ခါးရှည်'' အမြဲတမ်းစစ်ဆေးရေးစခန်းတည်ဆောက်ရေး စီမံကိန်းစတင်နိုင်ခဲ့ကြောင်း၊ ကုန်သွယ်မှုလမ်းကြောင်းများတွင် ကုန်တင်ယာဉ်များကို QR Code စနစ်ဖြင့် စစ်ဆေးမှုများ ပိုမိုလျှင်မြန်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ E-Lock စနစ်ဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေးလုပ်ငန်းအစီအမံများကို ပြုစုရေးဆွဲနိုင်ခဲ့ပြီး စမ်းသပ်ဆောင်ရွက်နိုင်ရေး ဆက်လက်စီမံလျက်ရှိပါကြောင်း။
- နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများ ပြည်ပမှတင်သွင်းနေရမှုအတွက် ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း။
- ယခင်က ကန့်သတ်ကုန်ပစ္စည်းများဆိုပါက ပစ္စည်းသိမ်းဆည်းခြင်း၊ အကောက်ခွန်မဲ့ပစ္စည်းများဖြစ်ပါက ရွေးယူဒဏ်ငွေတပ်ရိုက်ပြီး ရွေးယူခွင့်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်သည့် ယာဉ်များကိုလည်း အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ အကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ပစ္စည်းသိမ်း၊ ယာဉ်သိမ်းခြင်းများကို အများဆုံး ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ထပ်ကာထပ်ကာ ကျူးလွန်နေသူများကို ယခုထက် ထိထိရောက်ရောက် ဟန့်တားအရေးယူသွားရန်လို အပ်ကြောင်း။
- ရည်ရွယ်ချက်ရှိရှိ၊ လက်တစ်လုံးခြား တရားမဝင်ဆောင်ရွက်နေသည့် ကုန်ပစ္စည်းများ ပိုင်ရှင်နှင့် ယာဉ်ပိုင်ရှင်များ ထပ်မံဖမ်းဆီးရမိပါက ကုမ္ပဏီပိတ်သိမ်းခြင်းနှင့် ယာဉ်သိမ်းဆည်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်ကို ခေါ်ယူသတိပေးခြင်း၊ ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်း များဖြင့် ဆက်လက်ထိန်းသိမ်း ကြပ်မတ်သွားကြရမည်ဖြစ်ကြောင်း၊ တားဆီးအရေးယူမှုများကြောင့် ရပ်တန့်မသွားသော ဆက်လက်ကျူးလွန်မှုများကို အကောက်ခွန်ဥပဒေအရသာမက ဆက်စပ်သည့် ဥပဒေများ ဖြင့်ပြင်းပြင်းထန်ထန်အရေးယူသွားကြရမည်ဖြစ်ကြောင်း။
- တရားမဝင်ကုန်သွယ်နေသူများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် သင့်တင့်သည့် အရေးယူခြင်းမျိုးမဟုတ်ဘဲ ဥပေဒနှင့်အညီ ထပ်မံမကျူးလွန်ရဲအောင်၊ တရားမဝင်ကုန်သွယ်မှုများ ကြီးထွားမလာအောင် ဆင့်ကဲဆင့်ကဲ ပြင်းပြင်းထန်ထန် အရေးယူသွားရမည်ဖြစ်ကြောင်း။
- နယ်စပ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ရန်ကုန်ကုန်သွယ်ရေးလမ်းကြောင်း၊ မူဆယ်-လားရှိုး-မန္တလေးလမ်းကြောင်းတစ်လျှောက် ရှိနေသည့် စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးစခန်းများတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်သည့် စစ်ဆေးမှုအားနည်းချက်များ ရှိနေကြောင်း။
- ပြည်နယ်နှင့်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များ၊ One Stop Service အဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များ မူလတာဝန်ထိခိုက်စေမည့် တရားမဝင်ကိစ္စများ ဆောင်ရွက်နေသည်ဟု သတင်းရရှိပါက ထိရောက်သည့်ပြစ်ဒဏ်ဖြင့် အရေးယူသွားကြရမည်ဖြစ်ကြောင်း။
- စစ်ဆေးရေးစခန်းများနှင့် စစ်ဆေးရေးအဖွဲ့များကို လာရောက်နှောင့်ယှက်နိုင်မည့် အကြမ်းဖက်သမားများ၏ သတင်းများကိုလည်း ကြိုတင်လက်ဦးမှုရရှိရေး လိုအပ်သည်များ စီမံဆောင်ရွက်ထားကြရန်လိုမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဦးဆောင်ကော်မတီအစည်းအဝေး (၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာ ကြသူများက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့ကြပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၅-၂၀၂၂)
- တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေးကို (၉) ကြိမ်ကျင်းပနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် (၂၈၀) ချမှတ်နိုင်ခဲ့။
- နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများ ပြည်ပမှတင်သွင်းနေရမှုအတွက် ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည်တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပြီးဖြစ်။
- တရားမဝင်ကုန်သွယ်နေသူများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် သင့်တင့်သည့် အရေးယူခြင်းမျိုးမဟုတ်ဘဲ ဥပေဒနှင့်အညီ ထပ်မံမကျူးလွန်ရဲအောင်၊ တရားမဝင်ကုန်သွယ်မှုများ ကြီးထွားမလာအောင် ဆင့်ကဲဆင့်ကဲ ပြင်းပြင်းထန်ထန် အရေးယူသွားရမည်ဖြစ်ကြောင်း။
- ပြည်နယ်နှင့်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူး အဖွဲ့ဥက္ကဋ္ဌများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များ၊ One Stop Service အဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များ မူလတာဝန်ထိခိုက်စေမည့် တရားမဝင် ကိစ္စများ ဆောင်ရွက်နေသည်ဟု သတင်းရရှိပါက ထိရောက်သည့်ပြစ်ဒဏ်ဖြင့် အရေးယူသွားကြရမည်ဖြစ်။
Add new comment