ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁၈) ကြိမ်မြောက် အာရှသတင်းမီဒီယာထိပ်သီးညီလာခံမှ ပြန်လည်ရောက်ရှိ

       အင်ဒိုနီးရှားနိုင်ငံ၊ ဒန်ပါဆာမြို့ (ဘာလီ) တွင် မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သော (၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ (18th Asia Media Summit) သို့ တက်ရောက်ရန်ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၃ ရက်တွင် ညီလာခံ၏ ပထမနေ့ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ပြီး မေလ ၂၄ ရက်တွင် ဒုတိယနေ့ဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။

(၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ၏ ဒုတိယနေ့အစည်းအဝေးအား “စီးပွားရေးရေရှည်တည်တံ့ခိုင်မြဲမှုကို ပံ့ပိုးမြှင့်တင်ပေးသည့်မီဒီယာ” (Media Enhancing Economic Sustainability) ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာခဲ့သည့် နိုင်ငံအသီးသီးမှ ကျွမ်းကျင် ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ပြည်ထောင်စုဝန်ကြီးအနေဖြင့် အင်ဒိုနီးရှားရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန(TVRI)နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်းရိုက်ကူးရေးဆောင်ရွက်မှုအား ဆောင်ရွက်ခဲ့ပြီး  မြန်မာနိုင်ငံရှိမီဒီယာများ၏အခြေအနေ၊ သတင်းတု/ သတင်းမှားများ၏အန္တရာယ်နှင့် နိုင်ငံတကာမီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဖြေကြားခဲ့ပါသည်။

ညနေပိုင်းတွင် (၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံပိတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး အဆိုပြုဆွေးနွေးချက်ဖြစ်သော လူမှုကွန်ရက်မီဒီယာများတွင် သတင်းတု၊ သတင်းမှားများပျံ့နှံ့နေမှုအပေါ် ဝိုင်းဝန်းတိုက်ဖျက်ရေးအချက်သည် ဒေသတွင်း နိုင်ငံများတွင်လည်း အလားတူကြုံတွေ့ နေကြရသဖြင့် ဘာလီကြေညာချက် (Bali Declaration) ကို ညီလာခံတက်ရောက်သော ပြန်ကြားရေးကဏ္ဍဆိုင်ရာအကြီးအကဲများ၏ စုပေါင်းသဘောတူထုတ်ပြန်ချက်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုထုတ်ပြန်နိုင်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာရှပစိဖိတ်ရုပ်သံလွှင့်လုပ်ငန်းများဖွံ့ဖြိုးရေးအဖွဲ့ (AIBD) အဖွဲ့ဝင်နိုင်ငံများမှ ညီလာခံတက်ရောက်ခဲ့သောနိုင်ငံများမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် ကိုယ်စားလှယ်များနှင့်အတူ မေလ ၂၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ ဘန်လီခရိုင် (Bangli Regency)၊ ကူဘူ (Kubu) မြို့မှ ပန်လီပူရမ်ကျေးရွာ ၊ Bamboo Forest နှင့် ကင်တန်မနီ (Kintamani) ကျေးရွာတို့သို့ သွားရောက်လေ့လာခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန်များအား အာရှသတင်းမီဒီယာထိပ်သီးညီလာခံသို့ တက်ရောက်သူများ လေ့လာသိရှိနိုင်ရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုထုတ်ဝေထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများနှင့်သက်ဆိုင်သည့် တွေ့ရှိချက်များ စာအုပ်နှင့်နိုင်ငံအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ဖော်ထုတ်ဖမ်းဆီးရရှိမှုများအား  စုစည်းထုတ်ဝေထား သည့် စာအုပ်နှင့် ၎င်းစာအုပ်အကြောင်းအရာများ ပါဝင်သည့် Memory Stick တို့ကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့်မေလ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၅-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန(TVRI)နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း ရိုက်ကူးရေးဆောင်ရွက်မှုအား ဆောင်ရွက်ခဲ့ပြီး  မြန်မာနိုင်ငံရှိမီဒီယာများ၏အခြေအနေ၊ သတင်းတု/သတင်းမှားများ၏အန္တရာယ်နှင့် နိုင်ငံတကာမီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှ အခြေအနေများကို ရှင်းလင်းဖြေကြားခဲ့။

  • ပြည်ထောင်စုဝန်ကြီး အဆိုပြုဆွေးနွေးချက်ဖြစ်သော လူမှုကွန်ရက်မီဒီယာများတွင် သတင်းတု၊ သတင်းမှားများပျံ့နှံ့နေမှုအပေါ် ဝိုင်းဝန်းတိုက်ဖျက်ရေးအချက်အား ဒေသတွင်းနိုင်ငံများတွင်လည်း အလားတူကြုံတွေ့နေကြရသဖြင့် ဘာလီကြေညာချက် (Bali Declaration) ကို ညီလာခံတက်ရောက်သော ပြန်ကြားရေးကဏ္ဍဆိုင်ရာအကြီးအကဲများ၏ စုပေါင်းသဘောတူထုတ်ပြန်ချက်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုထုတ်ပြန်နိုင်ခဲ့။

  • ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန်များအား အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုထုတ်ဝေထားသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများနှင့်သက်ဆိုင်သည့် တွေ့ရှိချက်များ စာအုပ်နှင့်နိုင်ငံအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအထိ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ဖော်ထုတ်ဖမ်းဆီးရရှိမှုများအား စုစည်းထုတ်ဝေထားသည့် စာအုပ်နှင့် ၎င်းစာအုပ်အကြောင်းအရာများပါဝင်သည့် Memory Stick တို့ကို ဖြန့်ဝေပေးခဲ့။

Add new comment