(၁၀) ကြိမ်မြောက် NEVSKY အပြည်ပြည်ဆိုင်ရာ ဂေဟဗေဒဆိုင်ရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်

        (၁၀) ကြိမ်မြောက် NEVSKY အပြည်ပြည်ဆိုင်ရာဂေဟဗေဒဆိုင်ရာညီလာခံကို မေ ၂၅ ရက်မှ ၂၆ ရက်အထိ ရုရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ Hybrid စနစ်ဖြင့် ကျင်းပလျက်ရှိရာ အဆိုပါညီလာခံ၏ “ရေသည် အနာဂတ်၏ အဓိကအရင်းအမြစ်” ဟူသော စားပွဲဝိုင်းဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နိုင်ငံနှင့်အဖွဲ့အစည်း ၂၁ ခုမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြို့တော်ဝန်များ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရေအရင်းအမြစ်များထိန်းသိမ်းနိုင်ရေးအတွက် သဘာဝစမ်းရေတွင်းများ၊ ရေထွက်များနှင့် ရေတိမ်ဒေသများ ထိန်းသိမ်းရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုများသည် မြစ်ချောင်းများနှင့် အဏ္ဏဝါပင်လယ်ပြင်ရှိ ဇီဝမျိုးစု မျိုးကွဲများအပေါ် သက်ရောက်မှုရှိပြီး အဏ္ဏဝါပလတ်စတစ်အမှိုက်များကို လျှော့ချနိုင်ရေးအတွက် အမျိုးသားအဆင့်ပလတ်စတစ်လုပ်ငန်းအစီအစဉ်ကို ရေးဆွဲလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘက်စုံရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံအသီးသီးမှ တက်ရောက်လာသော ကိုယ်စားလှယ်များက စီးပွားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၏ အခြေခံတစ်ခုဖြစ်သည့် ရေနှင့်ရေအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ ရေအရည်အသွေးနှင့် သန့်စင်ခြင်းဆိုင်ရာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေး၊ ကမ်းရိုးတန်းခရီးသွားလုပ်ငန်း၊ ရေအရင်းအမြစ်အသုံးချမှုနှင့် ဆက်နွှယ်သည့် ဘဏ္ဍာငွေထောက်ပံ့မှု၊ ရေဂေဟစနစ်ဆိုင်ရာအသိအမြင်မြှင့်တင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၅-၂၀၂၃)

  • (၁၀) ကြိမ်မြောက် NEVSKY အပြည်ပြည်ဆိုင်ရာဂေဟဗေဒဆိုင်ရာညီလာခံသို့  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်ခဲ့ပြီးရေသည် အနာဂတ်၏ အဓိကအရင်းအမြစ်” ဟူသော စကားဝိုင်း၌ မြန်မာနိုင်ငံ၏ ဘက်စုံရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့။

Add new comment