ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

      လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေ လမ်းကြောင်းအခြေအနေနှင့် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက-

  • မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်း သတ်မှတ်ရက်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် လက်ရှိရောက်ရှိနေသည့် ဓာတ်အား ပေးစက်ကိုးလုံးအပြင် ထပ်မံရောက်ရှိရန်ကျန်ရှိသည့် ဓာတ်အားပေးစက်လေးလုံးနှင့် ထရန်စဖော်မာများကို သတ်မှတ်ကာလအတွင်း ရောက်ရှိနိုင်ရေးနှင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဓာတ်အားအပြည့်အဝ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း၊
  • တစ်ချိန်တည်းတစ်ပြိုင်တည်း လုပ်ဆောင်ရမည့်ကိစ္စရပ်များကို အရှိန်အဟုန်ဖြင့် ဟန်ချက်ညီဆောင်ရွက်ရန်၊ အခက်အခဲများရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်းတင်ပြ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။

အဆိုပါ ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ ၅၉၈ ဧက ပေါ်တွင် တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အားမှာ Solar ၁၂၂ မဂ္ဂါဝပ်နှင့် Gas Engine ၁၂၆ မဂ္ဂါဝပ် နှစ်မျိုး တပ်ဆင်ထားရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၃၁ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၅-၂၀၂၃)

 
   
  • ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ ၅၉၈ ဧက ပေါ်တွင် တည် ဆောက်လျက်ရှိ။
  • စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့ လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ယခုအခါစီမံကိန်းတစ်ခုလုံး၏ ၃၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်။

Add new comment