(၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ (18th Asia Media Summit) အား အင်ဒိုနီးရှားနိုင်ငံ၊ ဒန်ပါဆာမြို့ (ဘာလီ) ရှိ Grand Hyatt Hotel မှ Ballroom တွင် မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ပါဝင်ဆွေးနွေးခဲ့ပါသည်။
ရှေးဦးစွာ 18th Asia Media Summit ဖွင့်ပွဲအခမ်းအနားကျင်းပရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ ဒုတိယသမ္မတမာရွတ်အမင် (H.E K.H Ma’ Ruf Amin) ၊ အာရှ-ပစိဖိတ်ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Asia-Pacific Institute for Broadcasting Development - AIBD) ညွှန်ကြားရေးမှူး၊ အင်ဒိုနီးရှားရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန (TVRI) Presi-dent Director၊ ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNE-SCAP) အမှုဆောင်အတွင်းရေးမှူးနှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် AIBD ဒုတိယဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပါသည်။
ထို့နောက် ထိပ်သီးညီလာခံ၏ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ထူထောင်ရာ၌ မီဒီယာ၏အခန်းကဏ္ဍ (Role of Media in Economic Recovery) ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက-
- မြန်မာနိုင်ငံတွင် Vaccination Management Information System ကိုရေးဆွဲပြီး ပြည်သူများ၏ ကာကွယ်ဆေးထိုးမှတ်တမ်းပြုစု၍ စနစ်တကျဆောင်ရွက်ခဲ့သည့်အပြင် ကာကွယ်ဆေးထိုးလုပ်ငန်းစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်ဖြင့် ရောဂါကိုထိန်းချုပ်ကာကွယ်ခြင်း၊ အသိပညာပေးလုပ်ငန်းများကိုလည်း အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခဲ့ပါကြောင်း။
- ကိုဗစ်−၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အမြန်ပြန်လည်လည်ပတ်နိုင်ရေးနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည့် လုပ်ငန်းများအတွက် သီးခြားရန်ပုံငွေထူထောင်၍ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ စိစစ်ထုတ်ချေးပေးခဲ့ပြီး ယင်းသို့ ထောက်ပံ့မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ အများပြည်သူထံသို့ ပြန်ကြားထုတ်လွှင့်ပေးခဲ့ကြောင်း။
- ပြီးခဲ့သည့် မေ ၁၄ ရက်တွင် “မိုခါ” (MOCHA) မုန်တိုင်းသည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသ၊ စစ်တွေမြို့အနီးမှ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၃၅ မိုင်နှုန်းဖြင့် ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့ရာ မုန်တိုင်းဝင်ရောက်နိုင်ခြေရှိမှုကို ကြိုတင်တွက်ချက်သိရှိနိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံ၊ ပြန်ကြားရေးဌာနနှင့် AIBD တို့က ပူးပေါင်းတည်ခင်းသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ သတင်းတု/ သတင်းမှားများထိုးနှက်မှုအန္တရာယ်ကို ဆွေးနွေးပြောကြားခဲ့ရာ AIBD မှ တာဝန်ရှိသူများနှင့် တက်ရောက်ကြသူများက နားလည်သဘောပေါက်ပြီး သတင်းမှားတိုက်ဖျက်ရေးနှင့် သတင်းမှန်ပြန်ကြားရေးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန် လည်ဆွေး နွေးပြောကြားခဲ့ကြပါသည်။
(၁၈) ကြိမ်မြောက်အာရှမီဒီယာ ထိပ်သီးညီလာခံ အစည်းအဝေးကို အာရှ-ပစိဖိတ်ရုပ်သံလွှင့်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (AIBD) နှင့် အင်ဒိုနီးရှား ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေးသို့ အာရှ-ပစိဖိတ်ဒေသတွင်းနှင့် ဒေသပြင်ပရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ သတင်းအချက်အလက်နှင့် မီဒီယာဆိုင်ရာ အကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများ၊ AIBD မှ တာဝန်ရှိသူများ၊ မီဒီယာကျွမ်းကျင်သူများ၊ မူဝါဒချမှတ်သူများနှင့် စိတ်ပါဝင်စားသူ ကိုယ်စားလှယ်ပေါင်း ၃၅၀ ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၂)
- (၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ၏ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ကိုဗစ်-၁၉ အလွန်စီးပွားရေး ပြန်လည်ထူထောင်ရာ၌ မီဒီယာ၏အခန်းကဏ္ဍ (Role of Media in Economic Recovery) ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းပါဝင်ဆွေးနွေးခဲ့။
- အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ သတင်းတု/ သတင်းမှားများ ထိုးနှက်မှုအန္တရာယ်ကို ဆွေးနွေးပြောကြားခဲ့၊ AIBD မှ တာဝန်ရှိသူများနှင့် တက်ရောက်ကြသူများက နားလည် သဘောပေါက်ပြီး သတင်းမှားတိုက်ဖျက်ရေး နှင့် သတင်းမှန်ပြန်ကြားရေးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့။
Add new comment