ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းသင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက မေလ ၂၁ ရက်မှစ၍ စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ်အသား/ငါး/ ဟင်းသီးဟင်းရွက်ဗူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပါသည်။
ထိုသို့ရောင်းချပေးလျက်ရှိရာ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ က ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွပ်ဗူးများဖြစ်သည့် အမဲသားဗူး၊ မျှစ်စားတော်ပဲဗူး၊ ကြက် အာလူးဗူး၊ ငါးတန်အချိုပေါင်းဗူး၊ ငါးသလောက်ဗူး၊ ငါးပိကြော်ဗူး၊ ပဲထောပတ်ဗူး၊ ပဲခရမ်းဗူး၊ သရက်သီးသနပ်ဗူးစသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း မိသားစုများက တစ်ခဲနက် ဝယ်ယူခဲ့ကြကြောင်းနှင့် ယခုကဲ့သို့ စားရေးအခက်အခဲဖြစ်ပေါ်နေချိန်တွင် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)
- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက မေလ ၂၁ ရက်မှစ၍ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိ။
Add new comment