ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စစ်တွေမြို့အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများအား ပူးပေါင်းအဖွဲ့များဖြင့် ရှင်းလင်းဖယ်ရှားနေမှု၊ စစ်တွေတက္ကသိုလ် စာသင်ဆောင်များ အမိုးမိုးခြင်း ဆောင်ရွက်နေမှု၊ IDP Camp များတည်ရှိသည့် စစ်တွေ-ပလ္လင်ပြင်လမ်းပေါ်ရှိ သဲချောင်းတံတားနှင့် ဒါးပိုင်တံတားတို့ကို ဘေလီတံတားများအဖြစ် တည်ဆောက်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် သဘာဝဘေးပြန်လည်ထူထောင်ရေး ညှိနှိုင်း အစည်းအဝေးပြုလုပ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာအကောင်အထည်ဖော်ပြီးစီးနိုင်ရေးအတွက် လူနှင့် စက်ယန္တရားအင်အားနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။
- မေလ ၂၂ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ နယ်စပ်ဒေ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းအိမ်ရာနှင့် ရုံး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့သို့ရောက်ရှိခဲ့ပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အအုံများ၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာသင်ဆောင်များတွင် အပျက်အစီးများ ရှင်းလင်းဖယ်ရှား ပြီးစီးမှုနှင့် ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့။
- မေလ ၂၂ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ နယ်လှည့်အထူးကုဆေးအဖွဲ့ များက မုန်တိုင်းသင့်ဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်တော်မြို့နယ်တွင် လူနာ ၈၆ ဦး၊ မင်းပြားမြို့နယ် တွင် လူနာ ၇၂ ဦး၊ မင်းဘူးမြို့နယ်တွင် လူနာ ၂၇၀ ဦး တို့ကို ဆေးဝါးကုသ ပေးနိုင်ခဲ့။
- မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စာသင်ကျောင်းနှင့် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ လဲကျနေသော သစ်ပင်ကြီးများ၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ သောက်သုံးရေသန့်များ ဖြန့်ဝေပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။
- ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးမိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှု ပြတ်တောက်ခဲ့မှုကို ဆက်သွယ်ရေးဝန်ထမ်းများနှင့် တပ်မတော်သားများ ပူးပေါင်းပြင်ဆင်ခဲ့ရာ မေလ ၂၃ ရက်အထိ မိုဘိုင်းစခန်းစုစုပေါင်း ၆၄၇ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ပေးနိုင်ပြီဖြစ်။
- မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဒုတိယဗိုလ်ချုပ်ကြီးလူအေးက ကျောက်ဖြူမြို့နယ်၌ ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုနှင့် မုန်တိုင်းသင့်ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ ဗိုလ်ချုပ်စိုးနိုင်ဦးက သံတွဲမြို့ရှိဌာနဆိုင်ရာအဆောက်အဦများနှင့် စာသင်ကျောင်းများ ပြင်ဆင်နေမှု၊ ဗိုလ်ချုပ်သောင်းထိုက်ရွှေက မြောက်ဦးမြို့နယ်အတွင်း ကျိုးကျပျက်စီးခဲ့သော လမ်းမီးတိုင်များ အသစ်ပြန်လည်တပ်ဆင်နေမှု၊ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြေပုံမြို့နယ်ရှိ အခြေခံ ပညာအထက်တန်းကျောင်း၌ တပ်မတော်သားများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့။
ထိုသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အား တိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။
- ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးမိုဘိုင်းစခန်း ၉၀၄ စခန်းဆက်သွယ်မှု ပြတ်တောက်ခဲ့မှုကို ဆက်သွယ်ရေးဝန်ထမ်းများနှင့် တပ်မတော်သားများ ပူးပေါင်းပြင်ဆင်ခဲ့ရာ မေလ ၂၃ ရက်အထိ မိုဘိုင်းစခန်းစုစုပေါင်း ၆၄၇ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ပေးနိုင်ပြီဖြစ်။
Add new comment