နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ၁၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၄ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားချက်များမှာ-  

  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက် တို့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEM ၏ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်လည်ပတ်မှု။
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားရန် အသိပေးထားသည့်အခြေအနေ။
  • စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့နိုင်စေရန် ဆောင်ရွက်နေမှုအခြေအနေများ။
  • ကိုဗစ်-၁၉ ရောဂါ SARS-CoV-2 Variant Omicrom မြန်မာနိုင်ငံတွင် တွေ့ရှိရမှုအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နေမှု၊
  • NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များမဟုတ်သည့် လူနေအဆောက်အဦများ၊ အစိုးရအဆောက်အဦများ၊ ပညာရေးဆိုင်ရာအဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို အကာအကွယ်ရယူပြီး အပြစ်မဲ့ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေမှု၊ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်နေမှု၊ ပြည်သူလူထုအပေါ် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှု အခြေအနေများ။
  • NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ လုပ်ဆောင်ခဲ့သည့်အကြမ်းဖက် မှုများ၊ ဖမ်းဆီးရမိမှုများနှင့် ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် ဖြိုးဇေယျာသော်၏ ဝန်ခံပြောကြားချက်များကို PowerPoint  Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ရှင်းလင်းပြောကြားချက်များမှာ-  

  • တည်ဆဲနိုင်ငံရေးပါတီများ၏စာရင်းများကို စစ်ဆေးဆောင်ရွက်ပြီးစီးမှု အခြေအနေများ။
  • ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ဆောင်ရွက်ခဲ့ကြသူများအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေများ။
  • မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေများ သုံးသပ်ပြင်ဆင်ခြင်း၊ ဝန်ထမ်းအင်အားဖြည့်တင်းခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

   တက်ရောက်လာကြသည့်သတင်းမီဒီယာများက ခင်းကျင်းပြသထားသည့် သတင်းစာရှင်းလင်းပွဲဆိုင်ရာအချက်အလက်များ၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ လုပ်ဆောင်ခဲ့သည် အကြမ်းဖက်မှုများ၊ လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏လုပ်ဆောင်ချက်များနှင့် သတင်းထုတ်ပြန်ချက်များကို  လိုက်လံ ကြည့်ရှုခဲ့ကြပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက လတ်တလောဖြစ်ပေါ်နေသည့်  အခြေအနေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့။

Add new comment