(၇၅) ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်သူမြတ်အပါး (၁၅၂) ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲမဟာမင်္ဂလာအခမ်းအနားကို မေလ ၂၃ ရက်တွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်အမှူးပြုသော ဆရာတော်ကြီးများနှင့် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အာဂုံသဘောရေးဖြေအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်သူမြတ်များ ကြွရောက်တော်မူ ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။
အခမ်းအနား၌ (၇၅) ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် မူလအာဘိဓမ္မိကအောင်မြင်တော်မူကြသည့် စစ်ကိုင်းမြို့၊ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်မှ ဆရာတော်အရှင်ဇောတိကာလင်္ကာရနှင့် အရှင်ဝါသဝါလင်္ကာရတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်အပါး ၁၅၀ အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ အသီးသီးဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ၊ အလှူရှင်များသည် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြပါသည်။
(၇၅) ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ကြီးတွင် သုတ္တန္တပိဋကဒီဃနိကာယ်ရေးဖြေအောင် ဒီဃနိကာယကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၃ ပါး၊ ဝိနယပိဋက ဝိနည်းတစ်ပုံရေးဖြေအောင် ဝိနယကောဝိဒဘွဲ့ရ ၈ ပါး၊ ဝိနယပိဋကဝိနည်း(ပထမပိုင်း) ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ ၇ ပါး၊ အဘိဓမ္မဝိဋက အဘိဓမ္မာ(ပထမပိုင်း)ငါးကျမ်းအာဂုံအောင် မူလအာဘိဓမ္မိကဘွဲ့ရ ၄ ပါး၊ သုတ္တန္တပိဋက ဒီဃနိကာယ်အာဂုံအောင် ဒီဃဘာဏက ဘွဲ့ရ ၈ ပါး၊ ဝိနယပိဋကဝိနည်း(ဒုတိယပိုင်း) အာဂုံအောင် ဝိနယဓရဘွဲ့ရ ၃၇ ပါး၊ ဝိနယပိဋက ဝိနည်း(ပထမပိုင်း) အာဂုံအောင် ဥဘတောဝိဘဂံဓရဘွဲ့ရ ၈၅ ပါး၊ စုစုပေါင်း ၁၅၂ ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)
- (၇၅) ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် မူလအာဘိဓမ္မိက အောင်မြင်တော်မူကြသည့် ဆရာတော်အရှင်သူမြတ် ၂ ပါး အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့။
- (၇၅) ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးတွင် သံဃာတော်အရှင်သူမြတ်စုစုပေါင်း ၁၅၂ ပါး အောင်မြင်တော်မူခဲ့။
Add new comment