ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်ရန် ယဉ်ကျင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသည့် အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

ဇန်နဝါရီလ ၁၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယဉ်ကျင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိစုဝေးနေကြောင်း ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့က သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင် များထံသို့ လျှို့ဝှက်ဆက်သွယ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ချေမှုန်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

၎င်းတို့နေထိုင်ခဲ့သည့် ဘုန်းကြီးကျောင်းအတွင်းမှ လက်လုပ်တစ်ထောင့်ထိုး သေနတ် ၂၀ လက်၊ ခါးချိုး ၁၂ ဗို့သေနတ် ၁ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ ကျည်မျိုးစုံ ၁၂၅ တောင့်၊ လက်လုပ်မိုင်း ၁၀ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၂ လုံး၊ မော်တော်ဆိုင်ကယ် ၂၀ စီး၊ မော်တော်ယာဉ် ၁ စီး၊ အကြမ်းဖက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ဒေသခံပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထားသည့် ဆန်အိတ်များနှင့် ကြက်သွန်နီအိတ်များအား သိမ်းဆည်းရမိခဲ့ပါသည်။

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPHNUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံရေးအမည်ခံ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကိုလုပ်ဆောင်ခြင်း၊ ၎င်းအကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အသုံးပြုမည့် လက်နက်/ခဲယမ်းများကို နည်းမျိုးစုံဖြင့် နိုင်ငံအတွင်းပို့ဆောင်၍ အများပြည်သူယုံကြည်ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီးကျောင်းအချို့အတွင်း သိုဝှက်သိမ်းဆည်းခြင်း၊ စခန်းချနေထိုင်ခြင်းများကိုလုပ်ဆောင်၍ ဘာသာ၊ သာသနာတော် ညှိုးနွမ်းပျက်စီး ပပျောက်ရေးကို ဦးတည်လုပ်ဆောင်လျက်ရှိပါသည်။

 သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်နေမှုများအပေါ် အထောက်အကူရရှိစေရန် အကြမ်းဖက်သမားများ၏ သတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်သတင်းပေးပို့ကြပါရန် တိုက်တွန်းသတင်း ထုတ်ပြန်ထားပါသည်။

  • PDF အမည်ခံ အကြမ်းဖက်သမားများသည် အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေဦးမြို့နယ်အတွင်း ယဉ်ကျင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ရောက်ရှိစုဝေးနေကြောင်း ကျေးရွာသားအချို့က သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဝင်ရောက်ဖမ်းဆီးခဲ့။
  • ၎င်းတို့ထံမှ လက်နက်များ၊ အကြမ်းဖက်မှုလုပ်ငန်းများတွင် အသုံးပြုသည့်ဆက်စပ် ပစ္စည်းများနှင့် ဒေသခံပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထားသည့် ဆန်အိတ်များနှင့် ကြက်သွန်နီအိတ်များအား သိမ်းဆည်းရမိခဲ့။
  • CRPHNUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံရေးအမည်ခံ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်တိုက် ခိုက်မှုများကိုလုပ်ဆောင်ခြင်း၊ ၎င်းအကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အသုံးပြုမည့် လက်နက်/ခဲယမ်းများကို နည်းမျိုးစုံဖြင့် နိုင်ငံအတွင်းပို့ဆောင်၍ အများပြည်သူ ယုံကြည်ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီးကျောင်းအချို့အတွင်း သိုဝှက်သိမ်းဆည်းခြင်း၊ စခန်းချနေထိုင်ခြင်းများကို လုပ်ဆောင်၍ ဘာသာ၊ သာသနာတော် ညှိုးနွမ်းပျက်စီးပပျောက်ရေးကို ဦးတည်လုပ်ဆောင်လျက်ရှိ။

Add new comment