နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညို၊ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေး

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် တာဝန်ရှိသူများနှင့်အတူ မေလ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော သမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး၊ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး၊ “ရှင်ပင်သာလျောင်း” ခေါ် “ရွှေသာလျောင်း” ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြပါသည်။ ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော် မြတ်အသီးသီးတို့အတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့်ပြုပြင်မွမ်းမံ ထိန်းသိမ်းမှုများကို မပြတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများ ကိုမှာကြားကာ ဧည့်သည်တော် မှတ်တမ်းစာအုပ်များတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေမော်ဓောစေတီတော်မြတ်ကြီးရှိ သမိုင်းဝင်ပြတိုက်သို့လည်း ဝင်ရောက်လေ့လာခဲ့ကြပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းလက်ရာဗုဒ္ဓရုပ်ပွားတော်များ၊ လက်ဝတ် ရတနာများ၊ အသုံးအဆောင်ပစ္စည်းများကိုကြည့်ရှုပြီး ရှေးဟောင်းလက်ရာများသည် သမိုင်းကိုပြသနေခြင်းပင်ဖြစ်သည့်အတွက် မပျောက်ပျက်၊ မပျက်စီးအောင် စနစ်တကျထိန်းသိမ်းကြရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကမ္ဘောဇသာဒီရွှေနန်းတော်သို့ရောက်ရှိကြပြီး ရွှေနန်းတော်အတွင်း ယခင်မြေနန်းပြာသာဒ်ဆောင်နေရာမှ တူးဖော်ရရှိသည့် ကျွန်းတိုင်များကို ပြသထားရှိမှု၊ နန်းတော်အား ပြန်လည်ပြုပြင် ထိန်းသိမ်းရန်ဆောင်ရွက်လျက်ရှိမှု၊ နန်းတော်ပြတိုက်အတွင်း ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ပြသထားရှိမှုများကိုလည်းကောင်း၊ ဟံသာဝတီရှေးဟောင်းသုတေသနပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များနှင့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း၊ ဘမရာသနပလ္လင်တော်ဆောင်အတွင်းခင်းကျင်းထားရှိမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအား ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများကို အမြန်ဆုံးဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း သမိုင်းမှတ်တမ်းမှတ်ရာများ၊ မြေနန်း ပြာသာဒ်မှ တူးဖော်ရရှိသည့် ရှေးလက်ရာများအတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ပြတိုက်အား လာရောက်လေ့လာသူများ အလွယ်တကူလေ့လာနိုင်ရေး ခေတ်နှင့်လျော်ညီစွာ ခင်းကျင်းပြသထားရှိရန်လိုကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး စီးနင်း အသုံးပြုခဲ့သည့် ရထားလုံးကို မူလအရွယ်အစားအတိုင်း ရှေးမူမပြတ်ပြန်လည်တည်ဆောက်၍ ပြသထားရန်လိုကြောင်း၊ ဟံသာဝတီမြို့တော်ဟောင်းနေရာအား ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း မှာကြားကာ ကမ္ဘောဇသာဒီရွှေနန်းတော်ရှိ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၅-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော သမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး၊ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး ရှင်ပင်သာ လျောင်းခေါ် ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခဲ့။ .

  • ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအား ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများကို အမြန်ဆုံးဆောင်ရွက်ရန်၊ သမိုင်းမှတ်တမ်းမှတ်ရာများ၊ မြေနန်းပြာသာဒ်မှတူးဖော်ရရှိသည့် ရှေးလက်ရာများအတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန်၊ ဘုရင့်နောင်မင်းတရား ကြီး စီးနင်းအသုံးပြုခဲ့သည့် ရထားတော်ကြီးကို မူလအရွယ်အစားအတိုင်း ရှေးမူမပြတ်ပြန်လည်တည်ဆောက်၍ ပြသထားရန်မှာကြားခဲ့။

Add new comment