ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာရှိ စာသင်ကျောင်းအတွင်း ဝင်ရောက်စခန်းချ၍ အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

ဇန်နဝါရီလ ၁၃ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း စခန်းချအခြေပြု၍ အကြမ်းဖက်လုပ်ရပ်များကိုဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ကျေးရွာသားအချို့က ကျေးရွာအနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ်အကြောင်းကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်ခဲ့ရာတွင် အကြမ်းဖက်သမားများက စာသင်ကျောင်းအတွင်းမှ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည်  ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပါသည်။ 

          အကြမ်းဖက်သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် စာသင်ကျောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ-

  • စာသင်ကျောင်းအတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်အား သဲအိတ်များကာရံခြင်း၊  မိုင်းများထောင်ထားခြင်း၊ သဲအိတ်ဘန်ကာ များတည်ဆောက်ခြင်း၊ အကြမ်းဖက်လေ့ကျင့်ရေးကွင်းများ ဖောက်လုပ်ခြင်းပြုလုပ်၍ စာသင်ကျောင်းအား အခိုင်အမာစခန်းတည်ဆောက် ထားသည်ကိုတွေ့ ရှိရ။
  • ၎င်းတို့ထံမှ တစ်တောင့်ထိုးသေနတ် ၁ လက်၊ တူမီးသေနတ် ၇ လက်၊ လက်လုပ် သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၁ လုံး၊ လက်လုပ်သံကိုယ်ထည် ဆွဲမိုင်း ၇ လုံး၊ လေ့ကျင့်ရေးသေနတ် ၃၂ လက်၊ အကြမ်းဖက်လက်နက်များ ပြုလုပ်ရန် ပြင်ဆင်ထားသည့်တွင်ခုံ ၁ ခု၊ မော်တော်ဆိုင်ကယ် ၆ စီး၊ TNT ယမ်းများ၊ ဖောက်ခွဲဖျက်ဆီးရာတွင်အသုံးပြုသည့် သံတိုသံစများနှင့် သံပိုက်လုံးများ၊ ပြောက်ကျားယူနီဖောင်းများနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။

          အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပညာရေးဆိုင်ရာအဆောက်အဦများနှင့် ကျေးရွာများအတွင်း လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားရေးအတွက် အသုံးပြုနေသည့် စာသင်ကျောင်းများအား သိမ်းပိုက်၍ ရည်ရွယ်ချက် ရှိစွာဖြင့် စခန်းချ အခြေပြုအကာအကွယ်ယူ တိုက်ခိုက်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါစစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲ ဥပဒေများဖြင့် ၎င်းတို့ အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

          အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိခြင်းကြောင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထား ကြောင်း သိရှိရပါသည်။

  • ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာရှိ စာသင်ကျောင်းအတွင်း ဝင်ရောက်စခန်းချ၍ အဖျက်အမှောက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့။
  • ၎င်းတို့ထံမှ လက်နက်များနှင့်ဆက်စပ်ပစ္စည်း အသုံးအဆောင်များအား သိမ်းဆည်းရမိခဲ့။

Add new comment