သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများဖြစ်သည့် ရခိုင်ပြည်နယ်အတွင်း ရှိ ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ ၄ မြို့နယ်တို့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက မေလ ၁၈ ရက်တွင် တပ်မတော်အရာရှိကြီးတစ်ဦးစီကို ခန့်အပ်တာဝန် ပေးအပ်ခဲ့ပြီး အဆိုပါတပ်မတော်အရာရှိကြီးများသည် ဒေသအလိုက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပါသည်။
- မေလ ၁၉ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအစည်းအဝေးကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့။
- မေလ ၂၀ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးလူအေးသည် ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ကျောက်ဖြူမြို့၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
- မေလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဗိုလ်မှူးချုပ်တင်ဆွေနှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံနှင့် ကျေးလက်ဆေးပေးခန်းများ ရှင်းလင်းရေးဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သွပ်ပြားများ ထောက်ပံ့ပေးအပ်ခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့။
- မေလ ၂၀ ရက်တွင် ဗိုလ်ချုပ်သောင်းထိုက်ရွှေသည် နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်အတူ မြောက်ဦးမြို့ပေါ်ရှိ စာသင်ကျောင်းများ၌ မုန်တိုင်းဒဏ်ကြောင့် ခေါင်မိုးနှင့် မျက်နှာ ကျက်ပျက်စီးသွားသည့် အဆောက်အအုံများအားလည်းကောင်း၊ မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အဦများသို့လည်းကောင်း သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
- မေလ ၂၁ ရက်တွင် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် မာန်အောင်မြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်မိရပ်ဖများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းဖွင့်အမီ ကျောင်းများကို အမြန်ဆုံးပြုပြင်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့။
- မေလ ၂၁ ရက်တွင် သံတွဲမြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ သံတွဲမြို့နယ်ရှိ သာသနိကအဆောက်အဦများ ပျက်စီးခဲ့မှုများနှင့် လူနေအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့သည့်အခြေအနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
- မေလ ၂၁ ရက်တွင် ရသေ့တောင်မြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ရသေ့တောင်မြို့အတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည် ပြုပြင်ဆောင်ရွက်ပေးနေမှု၊ အခြေခံပညာကျောင်းများ ကျောင်းဖွင့်ချိန်အမီ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်နေမှု၊ လေဘေးသင့်ပြည်သူများအား သောက်သုံးရေ၊ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးမှုများကို သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့။
- မေလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေးအဖွဲ့ဝင်များက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်အိတ် ၄၉၆ အိတ်နှင့် နို့ဆီဘူး ၁၀ လုံးတို့အား ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ထိခိုက်မှုများပြားသော ကျေးရွာအုပ်စု ၁၆ အုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ် ထောက်ပံ့ခဲ့ကြောင်း၊ တောင်ပေါ်ရပ်ကွက်သို့ သွားရောက်ကာ ဘင်္ဂါလီလူမျိုးများ၏ လေဘေးသင့်အဆောက်အအုံများအား ကြည့်ရှုပြီး ဘင်္ဂါလီလူမျိုးများ၏ ဘုရားဝတ်ပြုရာ ဗလီကျောင်းပျက်စီးနေမှုအား ဆောလျင်စွာ ပြင်ဆင်ကြရန်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများ တစ်နိုင်တစ်ပိုင်ဆောင်ရွက်ကြရန် မှာကြားခဲ့။
အဆိုပါတပ်မတော်အရာရှိကြီးများသည် သက်ဆိုင်ရာဒေသအလိုက် မြို့နယ်အသီးသီးတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၅-၂၀၂၃)
- ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ဝိုင်းဝန်းကြီးကြပ် ကူညီဆောင်ရွက်ကြမည့် တပ်မတော်အရာရှိကြီးများသည် သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိ။
Add new comment