နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ မေလ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးရှိ Korea- Myanmar Industrial Complex(KMIC) စီမံကိန်းဆောင်ရွက်ရန်လျာထားမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က Korea- Myanmar Industrial Complex (KMIC) စီမံကိန်းအားအပိုင်းလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဝန်ထမ်းအိမ်ရာများနှင့် အဆောက်အဦများ တည် ဆောက်ရန်နှင့် စီမံကိန်းဦးဆောင်အဖွဲ့ ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- စီမံကိန်းများအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် Infrastructure များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း။
- စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးချိန်တွင် အလုပ်သမားများအတွက် စားသောက်ရေး၊ နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လုံလောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်မည့် ဆေးရုံများတည်ဆောက်ခြင်းကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း။
- စီမံကိန်းအကောင်အထည်ဖော်ရာတွင်လည်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များကိုကြိုတင်စိုက်ပျိုးရန်နှင့် Green Zone များ သတ်မှတ်၍ ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမကြီးသို့ ရောက်ရှိပြီး ပြည်ထောင်စုခန်းမကြီးနှင့် အနော်ရထာရိပ်သာတို့အား ပြန်လည် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် အဆောက်အဦများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက်အဦများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲဖော်ဆောင်ခဲ့သည့် သမိုင်းဝင်အဆောက်အဦများဖြစ်သောကြောင့် အဆောက်အဦများ ပျက်စီးမှုများ မရှိစေရေးစနစ်တကျဖြင့် ထိန်းသိမ်းထားရှိရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၅-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်နှစ်ပင်ကျေးရွာအနီးရှိ Korea-Myanmar Industrial Complex (KMIC) လုပ်ငန်းဆောင်ရွက်နေမှုနှင့် အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
Add new comment