သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

        အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)"မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို မေလ ၂၀ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ပြောကြားရာတွင်-

  • ပြီးခဲ့သည့် ၁၄ ရက်တွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA)ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးခဲ့မှုများအပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ယခုကဲ့သို့ စာနာမှုအပြည့်ဖြင့် ကိုယ်တိုင်ကိုယ်ကျလာရောက်လှူဒါန်းသည့်အတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း။
  • သဘာဝဘေးအန္တရာယ်ဟူသည် တားဆီး၍ရနိုင်သည့်အရာမဟုတ်ဘဲ ဖြစ်ပေါ်လာနိုင်သည်များကို မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်မည်၊ ဖြစ်ပေါပြီးပါက ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မည်ကဲ့ သို့ဆောင်ရွက်သွားမည်ကို ကြိုတင်စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • နာဂစ်မုန်တိုင်းဖြစ်ပွားချိန်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း။
  • မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိုယ်စီလုပ်ငန်းတာဝန်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေး နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေးကို မေလ ၁၅ ရက် နံနက်ပိုင်း၌ ပြုလုပ်လျက်ရှိစဉ် အလှူရှင်များက သဘာဝဘေးဒဏ်သင့်ဒေသများအတွက် အလှူငွေများ လာရောက်လှူဒါန်းလိုကြောင်း သိရှိရသဖြင့် အရေး ပေါ်အလှူငွေလက်ခံခြင်း အခမ်းအနားတစ်ခုပြုလုပ်ခဲ့ကြောင်း။
  • အခမ်းအနားကို အချိန်တိုအတွင်းစီစဉ်ခဲ့ရပြီး စုစုပေါင်းအလှူငွေကျပ်သိန်း ပေါင်း ၁၃၁,၈၁၀  သိန်းကို လက်ခံရရှိခဲ့ကြောင်း။
  • မိမိတို့နိုင်ငံသို့ မုန်တိုင်းဝင်ရောက်နိုင်ခြေ ရာနှုန်းပြည့်နီးပါး သေချာနေသည့်အချိန်တွင် လူသေဆုံးမှုအများအပြားရှိနိုင်ကြောင်းနှင့် ထိခိုက်ပျက်စီးမှုများ များစွာဖြစ်ပေါ်နိုင်ကြောင်းကို နိုင်ငံတကာမှ သုံးသပ်ခဲ့ကြကြောင်းနှင့် အမှန်တကယ်ဝင်ရောက်ခဲ့ချိန်တွင် ပျက်စီးမှုသည်လည်း များပြားခဲ့ပကြောင်း။
  • မေလ ၁၉ ရက် ညနေပိုင်းအထိ ကောက်ယူရရှိသောစာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စုစုပေါင်းပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ လူနေအိမ် ၁၈၃,၀၂၄ လုံး၊ သာသနိကအဆောက်အဦ ၁,၇၁၁ လုံး၊ ဘုန်း တော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁,၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ်အနေဖြင့် စစ်တွေလေဆိပ်နှင့် ကျောက်ဖြူလေဆိပ်၊  ဌာနဆိုင်ရာအဆောက်အဦ ၃၄၀ လုံး ပျက်စီးခဲ့ရသည် ကိုတွေ့ရှိရပြီး သေဆုံးသူ ၁၄၅ ဦးရှိပြီး ယင်းတို့ကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
  • မေလ ၁၅ ရက်တွင် မိမိတို့ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်စဉ် အလှူငွေကျပ်သိန်းပေါင်း ၇၀,၀၀၀ ကို ပြည်နယ်ဝန်ကြီးချုပ်ထံ တစ်ပါတည်းလွှဲပြောင်းပေးခဲ့ကြောင်း၊ သဘာဝဘေးဒဏ်သင့်ပြည်သူများ ထပ်မံထိခိုက်သေဆုံးမှုမရှိစေရေး၊ စားရေရိက္ခာ မပြတ်လပ်စေရေးကို ဦးစွာဆောင်ရွက်ပေးရန်နှင့် လမ်းပန်းဆက်သွယ်မှုများ ပြန်လည်ရရှိအောင် ဦးစားပေးဆောင်ရွက်ရန်မှာ ကြားခဲ့ကြောင်း။
  • ပြည်လမ်းကြောင်းနှင့် မကွေးလမ်းကြောင်းတို့မှ မော်တော်ယာဉ်များနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေး အသင့်ပြင်ဆင်ထားသည့် ယာဉ်အုပ်စုဆယ်စုနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို ညတွင်းချင်း ပို့ဆောင်စေခဲ့ပြီး နောက်တစ်နေ့တွင် စစ်တွေမြို့သို့ရောက်ရှိခဲ့ကြောင်း၊
  • အလားတူ လေကြောင်းမှလည်း ကူညီကယ်ဆယ်ရေးပစ္စည်းများကို အချိန်မီပို့ဆောင်ပေးခဲ့ကြောင်း။
  • ထိုသို့ကူညီကယ်ဆယ်ရေးလုပ်ငန်းရပ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ တပ်မတော်မှဦးဆောင်၍ ဆောင်ရွက်ခြင်းနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေခံပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ဖြစ်ကြောင်း။
  • ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို များစွာသက်သာစေခဲ့သည်ကို သက်သေပြနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။
  • ၂၀၂၀ မှစ၍ ဖြတ်သန်းခဲ့ရသည့် နှစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးအကြပ်အတည်းများကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊
  • မိမိတို့အနေဖြင့် ရုန်းကန်မှုများ ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၂ ခုနှစ်တွင် နိုင်ငံစီးပွားရေးမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီး ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုတက်လာခဲ့ကြောင်း။
  • ယခုကာလအတွင်း နိုင်ငံစီးပွားရေးပြန်လည်ကောင်းမွန်လာပြီး ဝင်ငွေများ ရရှိလာခြင်းကြောင့် ယခုကဲ့သို့လှူဒါန်းနိုင်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းငွေများ များစွာလှူဒါန်းနိုင်ခြင်းမှာ နိုင်ငံ၏စီးပွားရေးအားကောင်းမွန်မှုကို ပြသခြင်းပင်ဖြစ်ကြောင်း။
  • ယခုအခါ လှူဒါန်းမှုများအနေဖြင့် အခြားနေရာများမှမပါ စုစုပေါင်းဘီလီယံ ၂၀ ခန့်ရှိပြီဖြစ်ကြောင်း။
  • မုန်တိုင်းဒဏ်သင့်ဒေသများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ယခင်ကထက် ပိုမိုသာလွန်ကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • ယခုကဲ့သို့ လှူဒါန်းမှုများသည် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများမှ ပြည်သူများအတွက် အားကိုးဖြစ်စေမည်ဖြစ်ကြောင်း၊
  • ရခိုင်ပြည်နယ်တစ်ခုတည်းသာမက ချင်းပြည်နယ် အချို့သောဒေသများ အတွက်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် စီမံခန့်ခွဲမှုများ ပိုမိုအဆင်ပြေမြန်ဆန်စေရေးအတွက် တပ်မတော်အရာရှိကြီးများကို စေလွှတ်၍ ဆောင်ရွက်စေလျက်ရှိသဖြင့် ၎င်းတို့၏အတွေ့အကြုံများအရ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဖြင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း။
  • လှူဒါန်းငွေများကိုလည်း အကျိုးရှိရှိဖြင့် ထိထိရောက်ရောက် အသုံးချသွားမည်ဖြစ်ပြီး ယနေ့လှူဒါန်းမှုများအတွက် အထူးပင်ကျေးဇူတင်ရှိသည်ကို ထပ်လောင်းပြောကြာလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် မေလ ၁၅ ရက်တွင် ကနဦးအလှူငွေများ လှူဒါန်းခဲ့ ကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။

တက်ရောက်လာကြသည့် စေတနာရှင်၊ အလှူရှင်များက သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင်-

  • ယခုအခါနိုင်ငံတကာမှလည်း အကူအညီများ ပေးအပ်လျက်ရှိရာ အိန္ဒိယနိုင်ငံမှ ကူညီကယ်ဆယ်ရေးပစ္စည်းများကို သင်္ဘောများဖြင့် လာရောက်ပို့ဆောင်ပေးလျက်ရှိသကဲ့သို့ တရုတ်နိုင်ငံမှလည်း အရေးပေါ်အနေဖြင့် နယ်စပ်မှ စားသောက်ကုန်များကို ပေးပို့ လျက်ရှိပြီး ထိုင်းနိုင်ငံအနေဖြင့်လည်း လာမည့်တနင်္လာနေ့တွင် ပေးပို့မည်ဖြစ်ကြောင်း။
  • အလားတူ အာဆီယံ (AHA) စင်တာမှလည်း ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့သွားမည်ဟုသိရှိရပြီး အခြားနိုင်ငံတကာမှလည်း ကူညီမှုများဆောင်ရွက်ပေးသွားမည်ဟု အသိပေးအကြောင်းကြားမှုများ ရရှိပြီးဖြစ်ကြောင်း။
  • ပြည်တွင်း၊ ပြည်ပမှလှူဒါန်းသည့်အလှူငွေများနှင့် ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူများတစ်ဦးတစ်ယောက်မှ မကျန်ရှိစေရေးကူညီ ဆောင်ရွက်ပေးသွားမည်ကို အသိပေးပြောကြားလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် စေတနာရှင်၊ အလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။

ယနေ့ကျင်းပပြုလုပ်သည့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းမှုစုစုပေါင်းအနေဖြင့် ငွေကျပ် ၈,၇၁၇,၅၃၉,၅၀၀၊ ထိုင်းဘတ်ငွေ ၁ သန်း၊ ကျပ်သိန်း ၁၅,၀၀၀ တန်ဖိုးရှိ သွပ်ချပ်ရေ ၁ သိန်းနှင့် ဆက်စပ်အိမ်မိုးပစ္စည်းများ၊ ယွမ် ၁ သိန်းနှင့်ညီမျှသည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် ရေသန့်များကိုလက်ခံရရှိခဲ့သည်။ ထို့ကြောင့် မေလ ၁၅ ရက်တွင် အလှူရှင်များက လှူဒါန်းခဲ့သည့် အလှူငွေ စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်းဖြစ်သဖြင့် ယခုအကြိမ်နှင့်ဆိုပါက စေတနာရှင် အလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေမှာ ငွေကျပ်သိန်းပေါင်း ၂၁၈,၉၈၅ သိန်းကျော် ဖြစ်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၅-၂၀၂၃)

  •  ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို များစွာသက်သာစေခဲ့သည်ကို သက်သေပြနိုင်ခဲ့ခြင်းပင်ဖြစ်။
  • မုန်တိုင်းဒဏ်သင့်ဒေသများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ယခင်ကထက် ပိုမိုသာလွန်ကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်။
  • ယခုကဲ့သို့ လှူဒါန်းမှုများသည် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများမှ ပြည်သူများအတွက် အားကိုဖြစ်စေမည်ဖြစ်။
  • ရခိုင်ပြည်နယ်တစ်ခုတည်းသာမက ချင်းပြည်နယ် အချို့သောဒေသများအတွက်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်။
  • ပြည်တွင်း၊ ပြည်ပမှလှူဒါန်းသည့်အလှူငွေများနှင့် ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူများတစ်ဦးတစ်ယောက်မှ မကျန်ရှိစေရေးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်။
  • ယနေ့ကျင်းပပြုလုပ်သည့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းမှု စုစုပေါင်းအနေဖြင့် ငွေကျပ် ၈,၇၁၇,၅၃၉,၅၀၀၊ ထိုင်း ဘတ်ငွေ ၁ သန်း၊ ကျပ်သိန်း ၁၅,၀၀၀ တန်ဖိုးရှိ သွပ်ချပ်ရေ ၁ သိန်းနှင့် ဆက်စပ်အိမ်မိုးပစ္စည်းများ၊ ယွမ် ၁ သိန်းနှင့်ညီမျှသည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် ရေသန့်များကိုလက်ခံရရှိခဲ့။
  • မေလ ၁၅ ရက်တွင် အလှူရှင်များက လှူဒါန်းခဲ့သည့် အလှူငွေ စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်းဖြစ်သဖြင့် ယခုအကြိမ်နှင့်ဆိုပါက စေတနာရှင် အလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေမှာ ငွေကျပ်သိန်းပေါင်း ၂၁၈,၉၈၅ သိန်း ကျော်ဖြစ်။

Add new comment