နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၀ ရက်တွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်အတွင်း စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်၊ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အပိုင်းလိုက်ခွဲခြား ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ဇုန်အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့် မြေများကို ပြည့်ဝစွာစိုက်ပျိုးမွေးမြူရန်နှင့် စိုက်ပျိုးမွေးမြူရေးနှင့် မသက်ဆိုင်သည့် မြေအသုံးချမှုများမရှိစေရေး တာဝန်ရှိသူများက စနစ်တကျကြပ် မတ်ဆောင်ရွက်ရန်လိုကြောင်း။
- ပုဂ္ဂလိကစီးပွားရေးလုပ်ကိုင်သူများအနေဖြင့် နိုင်ငံတော်မှခွင့်ပြုပေးထားသည့် စိုက်ပျိုးမွေးမြူရေးမြေနေရာများပေါ်တွင် အမှန်တကယ် စိုက်ပျိုးမွေးမြူမှုများ ဆောင်ရွက်စေရေး စည်းကမ်းနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။
- စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် မိရိုးဖလာစိုက်ပျိုးခြင်းထက် ခေတ်မီစိုက်ပျိုးရေးစနစ်များကိုအသုံးချ၍ ကျစ်ကျစ်လျစ်လျစ်ဖြင့် ပြည့်ဝစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း မှာကြားခဲ့။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Green Light စိုက်ပျိုးမွေးမြူရေးခြံသို့ ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးမွေးမြူရေးခြံအတွင်း ဥစားကြက်များ၊ ငါးများနှင့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးထားရှိမှု၊ ငါးသားပေါက်များ မွေးမြူခြင်းနှင့် ပျိုးပင်များစိုက်ပျိုးနေမှုကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးတိရစ္ဆာန်အစာများကို ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်းနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးမွေးမြူရေးခြံအတွင်း ဥစားကြက်များမွေးမြူထားရှိမှု၊ ငါးမွေးမြူထားရှိမှုနှင့် ဒူးရင်းပင်အပါအဝင် နှစ်ရှည်သီးနှံပင်များစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် အထူးဇုန်အတွင်း ခေတ်မီ မွေးမြူရေးစနစ်ဖြင့် မွေးမြူထားရှိသည့် ပုဂ္ဂလိကဥစားကြက်မွေးမြူရေးခြံနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် မွေးမြူထားရှိသည့် ဆိတ်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည် များကို အကြံပြု ဆွေးနွေးပြောကြားခဲ့ကာ ဟင်းသီးဟင်းရွက်လက်ကားဈေး၊ ဈေးရုံအမှတ်(၂)၌ ဒေသခံပြည်သူများ ဟင်းသီးဟင်းရွက်ရောင်းချနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၅-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
Add new comment