၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအသွင် ဝတ်ဆင်၍ လက်နက်ကိုင်ဆောင်ထားသည့် လူ ၄ ဦးသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြားရှိ ရွှေလွယ်အင်း (ငွေအပ်နှံ/ ထုတ်ပေး)ကုမ္ပဏီအတွင်းရှိ ငွေကျပ် သိန်း ၃,၀၀၀ ခန့်အား ဝင်ရောက် လုယက်ခဲ့ပြီး ရရှိလာသည့်ငွေများအား ဆာလာအိတ်များအတွင်းထည့်သွင်း၍ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
အထက်ပါဖြစ်စဉ်မှ လုယက်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့များက အချိန်နှင့်တစ်ပြေးညီ စုံစမ်းပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ-
- ချမ်းမြသာစည်မြို့နယ်၊ အုန်းအင်းကျုးလမ်းအတွင်းရှိ ကန္တာရခြုံများကြား၌ ပြစ်မှု ကျုးလွန်သူများရပ်ထားခဲ့သော MDY/9C-4145 နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်နှင့် ၎င်းယာဉ်ပေါ်၌ ကျပ်သိန်း ၃၀၀ ထည့်ထားသော ဆာလာအိတ်ဖြူ ၁ အိတ်၊ သေနတ်အတု အရှည် ၃ လက်၊ အတို ၂ လက်၊ ပျောက်ကြား အနက်ရောင်ကျည်ကာအင်္ကျီ ၅ ထည်၊ နိုင်ငံတော်တံဆိပ်တပ်ဆင်ထားသော ဦးထုပ် ၄ လုံးတို့အား သိမ်းဆည်းရမိခဲ့။
- သိမ်းဆည်းရမိသော မော်တော်ယာဉ်အား စိစစ်ခဲ့ရာ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး အဆိုပါယာဉ်အား အောင်မြေသာစံမြို့နယ်နေ သက်ပိုင်စိုးဆိုသူ ပိုင်ဆိုင်ကြောင်း စုံစမ်းသိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် တွင် သက်ပိုင်စိုး (၂၈) နှစ်အား ငွေကျပ် ၇၆၀ သိန်း၊ မော်တော်ယာဉ် နှစ်စီး၊ မော်တော်ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ကျောက်ပန်းတောင်းမြို့နယ်၊ တက်မရေနံမှော်၊ လုပ်ကွက်တွင် ဖမ်းဆီးရမိခဲ့။
- တရားခံ သက်ပိုင်စိုး၏ ထွက်ဆိုချက်အရ “ရွှေလွယ်အင်း” ကုမ္ပဏီ (ငွေအပ်နှံ/ ထုတ်ပေးဌာန) အား လုယက်မှုကို ၎င်းမှဦးဆောင်၍ သန့်ဇင်၊ မျိုးကိုကိုဝင်း(ခ) ကုလား၊ သန်းဇော်ထွန်း(ခ) လင်းလင်းကိုနှင့် ဇင်မျိုးဦး(ခ)သားကြီး တို့အပါအဝင် ငါးဦးမှ ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရ။
- စစ်ကိုင်းမြို့၌ သန့်ဇင်(၂၈)နှစ်နှင့် မျိုးကိုကိုဝင်း(၁၉)နှစ်တို့ ၂ ဦးအား ၎င်းတို့၏ နေအိမ်အသီးသီးတွင် မော်တော်ဆိုင်ကယ် ၂ စီး၊ ငွေကျပ် ၄၅ သိန်းဖြင့် ဝယ်ယူထားသော မြေကွက် ၂ ကွက်နှင့်အတူ ဖမ်းဆီးရမိ။
- မွန်ပြည်နယ်၊ သထုံမြို့၌ သန်းဇော်ထွန်း(ခ) လင်းလင်းကို (၃၂)နှစ်အား ငွေကျပ် သိန်း ၁၀၀ နှင့်အတူ ဖမ်းဆီးရမိ။
- စဉ့််ကူးမြို့နယ်၊ ပျဉ်းပင်ကျေးရွာ၌ ဇင်မျိုးဦး(၃၂)နှစ်အား ငွေကျပ် ၁၄ သိန်း၊ မော်တော်ယာဉ် ၁ စီး၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် မော်တော်ဆိုင်ကယ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိ။
ဖြစ်စဉ်တွင် တရားခံငါးဦးနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ အုန်းအင်းကျုးလမ်းအတွင်း၌ ရပ်ထားခဲ့သည့် ယာဉ်ပေါ်မှ တွေ့ရှိငွေကျပ် ၃၀၀ သိန်း၊ တရားခံများထံမှ ပြန်လည်သိမ်းဆည်းရမိငွေကျပ် ၈၇၄ သိန်း၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် မော်တော်ယာဉ် ၃ စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၀ သိန်းခန့်၊ ဆိုင်ကယ် ၂ စီး ခန့်မှန်းတန်ဖိုးငွေကျပ် ခုနစ်သိန်းခန့်နှင့် ၎င်းတို့ဝယ်ယူထားသည့် မြေနှင့် အခြားပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀ သိန်းခန့် စုစုပေါင်း ငွေကျပ် ၁,၇၈၁ သိန်းခန့်အား ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံများအနေဖြင့် ပြည်သူလူထု၏ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကြောင့် ဖြစ်ပေါ်နေသော စိုးရိမ်ထိတ်လန့်မှုအပေါ် အခွင့်အရေးအဖြစ် အသုံးချကာ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာနှင့် ငွေကြေးလိုအပ်ချက်များအရ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ လုယက်မှုကျူးလွန်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝတ်ဆင်အသုံးပြုသည့် ကျည်ကာအင်္ကျီ၊ ဦးထုပ်၊ နံပါတ်တုတ်၊ သေနတ်အတုနှင့် စကားပြောစက်အတုများကိုင်ဆောင်အသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် အသွင်ယူကာ လုယက်မှုအား ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။
သို့ဖြစ်ပါ၍ “ရွှေလွယ်အင်း”ကုမ္ပဏီလုယက်မှုကျူးလွန်ခဲ့သူ ၅ ဦးအား ကျူးလွန်ရာတွင် အသုံးပြုခဲ့သော သက်သေခံပစ္စည်းများ၊ ကျူးလွန်ရာမှ ရရှိသည့်ငွေကြေးများ၊ ဝယ်ယူထားသည့်ယာဉ်၊ မြေ၊ အခြားပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
- "ရွှေလွယ်အင်း" ကုမ္ပဏီ (ငွေအပ်နှံ/ထုတ်ပေးဌာန) လုယက်ခံရမှုမှ ကျူးလွန်သူ တရားခံ ၅ ဦးအား တရားခံများထံမှ ပြန်လည်သိမ်းဆည်းရမိငွေကျပ် ၁,၇၈၁ သိန်း ခန့်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ။
- ဖမ်းဆီးရမိတရားခံများအနေဖြင့် ပြည်သူလူထု၏ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက အကြမ်းဖက်ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကြောင့် ဖြစ် ပေါ်နေသော စိုးရိမ်ထိတ်လန့်မှုအပေါ် အခွင့်အရေးအဖြစ် အသုံးချကာ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာနှင့် ငွေကြေးလိုအပ်ချက်များအရ လုယက်မှုကျူးလွန်ခဲ့ခြင်း ဖြစ်။
Add new comment