ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရမှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်

       ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးများရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

  • မေလ ၁၈ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်း၍ ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ သွပ်အမိုးများ ပြန်လည်လဲလှယ်ပေးခြင်းနှင့် ကူညီရှင်းလင်းရေးများဆောင်ရွက်ပေးခဲ့ပြီး နယ်မြေခံ တပ်ရင်းများရှိ ဆရာဝန်များနှင့် ဆေးမှူများက မုန်တိုင်းဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။
  • တပ်မတော်သားများနှင့် သက်ဆိုင်ရာဝန်ထမ်းများက စစ်တွေမြို့တွင်း လမ်းမကြီးများပေါ်တွင် လဲပြိုကျနေသော သစ်ပင်များအား ပိုင်းဖြတ်ဆောင်ရွက်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် မီးကြိုများအား ပြန်လည် ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့။
  • မေ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ယာဉ် ၁၈ စီးပါဝင်သည့် ယာဉ်အုပ်စု ၁ သည် စစ်တွေမြို့တွင် အခြေပြု၍ ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက် ကျိုးကျ၍ လမ်းများပိတ်ဆို့လျက်ရှိသည့် သစ်ပင်၊ သစ်ကိုင်းများအား ရှင်းလင်းဖယ်ရှားပေးခြင်း၊ စစ်တွေမြို့တွင်းရှိ ဦးဥတ္တမခန်းမ၌ သဘာဝဘေးကြောင့် ပျက်စီးခဲ့မှုများအား သန့်ရှင်းရေးဆောင်ရွက်ခြင်း လောကာနန္ဒာဘုရားကြီးအတွင်းအပြင် သန့်ရှင်းသာယာရေးဆောင်ရွက်ခြင်း၊ ရေသန့်ယာဉ်၊ ရေသယ် ယာဉ်များဖြင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော နေရာများသို့ ရေပေးဝေခြင်း၊ မိုးကာတဲများနှင့် တာပေါ်လင်များ ဖြန့်ဝေပေးခြင်းတို့ကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကလည်း မုန်တိုင်းဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့။
  • ကျောက်ဖြူမြို့တွင် အခြေပြုလျက်ရှိသည့် ယာဉ် ၁၂ စီးပါဝင်သည့် ယာဉ်အုပ်စု ၆ မှ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်လည်း ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင်တစ်ဝိုက်တို့၌ အများပြည်သူများ ပုံမှန်အတိုင်းသွားလာအသုံးပြုနိုင်ရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းပေးခြင်း၊ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ လိုက်လံဖြန့်ဝေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်အုပ်စုတွင် ပါဝင်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကလည်း ကျောက်ဖြူမြို့ပေါ်၌ လိုအပ်သည့် ဆေးကုသပေးမှုများကို ဆောင်ရွက်ပေးခဲ့။
  • ပုဏ္ဏားကျွန်းမြို့သို့ မေ ၁၇ ရက်တွင် ရောက်ရှိအခြေပြုလျက်ရှိသည့် ယာဉ် ၁၂ စီးပါဝင်သည့် ယာဉ်အုပ်စု ၈ မှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ပုဏ္ဏားကျွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းအတွင်း ပျက်စီးခဲ့မှုများအား ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက်ပေးခဲ့။
  • ကျန်ရှိသည့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးယာဉ်အုပ်စုများအနေဖြင့် ချီတက်ရာ လမ်းကြောင်းတစ်လျှောက် သစ်ပင်သစ်ကိုင်း ပိတ်ဆို့လဲကျနေမှုများအား ဖယ်ရှားရှင်းလင်းခြင်း၊ မြေပြိုပိတ်ဆို့မှုများအား ရှင်းလင်းခြင်းတို့ကို ပြုလုပ်၍ အမြန်ဆုံး ရောက်ရှိနိုင်ရေး ဆက်လက်ချီတက်လျက်ရှိ။
  • တပ်မတော်အထူးဆေးကုသရေးအဖွဲ့သည် မေ ၁၆ ရက်တွင် စစ်တွေမြို့သို့ရောက်ရှိခဲ့ပြီး ယာယီဆေးရုံဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးမှူးများနှင့် ပူးပေါင်းကာ သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိ။
  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းအင်အား ၁၀၂၀ ဦးဖြင့် စစ်တွေ၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းဒေသတို့တွင် အခြေပြု၍ ရခိုင်ပြည်နယ်အတွင်း ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ပြိုကျပျက်စီးနေသည့် တာဝါတိုင် များကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ။

ထိုသို့ဆောင်ရွက်နေမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုများကို အနီးကပ်ကြီးကြပ်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအား ပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၅-၂၀၂၃)

 
   
  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။
  • တပ်မတော်အထူးဆေးကုသရေးအဖွဲ့သည် မေ ၁၆ ရက်တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး ယာယီဆေးရုံဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးမှူးများနှင့် ပူးပေါင်းကာ သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေး လျက်ရှိ။
  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းအင်အား ၁၀၂၀ ဦးဖြင့် စစ်တွေ၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းဒေသတို့တွင် အခြေပြု၍ ရခိုင်ပြည်နယ်အတွင်း ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ပြိုကျပျက်စီးနေသည့် တာဝါတိုင်များကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ။

Add new comment