ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

       ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ငွေ၊ ထောက်ပံ့ရေးပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။

  • မေလ ၁၆ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ် မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့နှင့် ကျောက်တော်မြို့တို့သို့ သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားကာ နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့်ထောက်ပံ့ငွေ သိန်း ၁,၃၀၀ နှင့် ထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့။
  • မေလ ၁၆ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဆိုင်ကလုန်းမုန်တိုင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မြေပုံ၊ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး မြို့များသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေကျပ် သိန်း ၁,၀၀၀၊ ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့။
  • မေလ ၁၇ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ဆန် အိတ် ၆,၃၇၀၊ ဆီ ၇,၆၄၅ ပိဿာ၊ ဆား ၆,၁၄၄ ပိဿာနှင့် ပစ္စည်း ၁၇ မျိုး အိမ်သုံးပစ္စည်းသေတ္တာများ၊ ခေါက်ဆွဲခြောက် ထုပ်များ၊  တာပေါ်လင်စများ၊ ထောက်ပံ့ငွေကျပ်သိန်း ၂၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့။
  • မေလ ၁၇ ရက်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မတူပီမြို့နယ်နှင့် လိုင်လင်းပီမြို့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောက်အဦများ ပြိုကျ၊ ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စု စုစုပေါင်း ၂၂၀ စုတို့မှ လေဘေးသင့်ပြည်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် စားသောက်ဖွယ်ရာများကို ဟားခါးမြို့၊ ပြည်နယ် အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့။
  • မေလ ၁၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေ များအား အဆိုပါမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့။
  • မေလ ၁၇ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်း ၁၂ ခုတွင် နေထိုင်ကြသည့် မုန်တိုင်းဒဏ်သင့်ဘင်္ဂါလီများအတွက် ဆန်အိတ် ၁,၂၀၀၊ ဆီပိဿာ ၁,၅၀၀၊ ပဲပိဿာ ၂,၂၀၀ နှင့် တာပေါ်လင်စ ၃၆ လိပ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့။
  • မေလ ၁၇ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက မင်းပြားမြို့နယ်၌ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ငွေ စုစုပေါင်း သိန်း ၃၀၀နှင့် ထောက်ပံ့ပစ္စည်းများအား မင်းပြားမြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့။
  • မေလ ၁၇ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျလူနေအိမ်နှင့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့။

ထိုသို့ထောက်ပံ့ပေးအပ်မှုများအား လေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၅-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ငွေ၊ ထောက်ပံ့ရေးပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်လျက်ရှိ။

Add new comment