ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရမှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်

        ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

  • မေလ ၁၇ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးလျက်ရှိသည့် ၂၃၀ ကေဗွီ အမ်း - မြောက်ဦး - ပုဏ္ဏားကျွန်းမဟာဓာတ်အားလိုင်း တာဝါတိုင် ၁၂ တိုင် မိုခါမုန်တိုင်းကြောင့် ပျက်စီးခံခဲ့ရမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျွမ်းကျင်ဝန်ထမ်းအင်အား ၁,၀၂၀ ဦးဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ။
  • မေလ ၁၇ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မြေပြင်စာရင်းမှန် အမြန်ဆုံးကောက်ယူရန်နှင့် မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးသီးနှံ ပျက်စီးမှုပမာဏ အနည်းငယ်သာရှိသော်လည်း မိုးရာသီစိုက်ပျိုးမည့် သီးနှံမျိုးစေ့များ ပျက်စီးမှုရှိနိုင်သဖြင့် လိုအပ်သောမျိုးစေ့များ အချိန်မီဖြန့်ဖြူးနိုင်ရန် ကြိုတင်စီမံဆောင်ရွက်လျက်ရှိ။
  • မေလ ၁၇ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မုန်တိုင်းကျရောက်ခဲ့သည့်ဒေသများဖြစ်သည့် စစ်တွေမြို့ပေါ်၊ မြို့နယ်များနှင့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူလူထု ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် သောက်သုံးရေပေးဝေသည့် ရေတွင်းရေကန်များကို ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့မှု၊ စစ်တွေပြည်သူ့ဆေးရုံကြီးသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့်အတွက် မုန်တိုင်းကျရောက်စဉ်နှင့် ကျရောက်ပြီးအချိန်များတွင် ဆေးကုသမှုလုပ်ငန်းများ ရပ်ဆိုင်းမသွားဘဲ (၂၄) နာရီပတ်လုံး ခွဲစိတ်ကုသမှုများအပါအဝင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။
  • ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သော စစ်တွေပြည်သူ့ဆေးရုံကြီးရှိ အဆောက်အဦများနှင့် ရသေ့တောင်မြို့နယ်၊ ဆေးရုံအဆောက်အဦများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်လျက်ရှိ။
  • မေလ ၁၇ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မုန်တိုင်းဒဏ်သင့်ပြည်သူများကို အားပေးကူညီရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်င ဂီတအစည်းအရုံး(ဗဟို)မှ အနုပညာရှင်များ ပါဝင်သောအဖွဲ့သည် စစ်တွေမြို့၊ အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်းတိုက်ရှိ ကယ်ဆယ်ရေးစခန်း၊ မဏိရတနာဘုန်းတော်ကြီးကျောင်းရှိ ကယ်ဆယ်ရေးစခန်းနှင့် ကျေးတောပိုက်ဆိပ်ကျေးရွာ၊ ဆိုင်ကလုန်း  Shelter အဆောက်အအုံတွင်  ခိုလှုံနေထိုင်ကြသော ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားများ ပြောကြားပြီး ဆရာတော်အရှင်ဆေကိန္ဒလှူဒါန်းသည့် ဆေးဝါးပစ္စည်းများနှင့် ရိက္ခာခြောက်များအား ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့။
  • မေလ ၁၇ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာကာ ခုတင် -၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ရှင်းလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိ။
  • မေလ ၁၇ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာရင်ပြင်၌ မန်းချောင်းရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ရေပြန်လည်ကျဆင်းသွားချိန်တွင် တင်ကျန်ခဲ့သည့် နုန်းမြေများ၊ သဲများ၊ အမှိုက်များအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့။
  • မေလ ၁၇ ရက်တွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက စစ်တွေမြို့ရှိ ရန်ကုန်-စစ်တွေကားလမ်းတစ်လျှောက် သဘာဝဘေးဒဏ်ကြောင့် ကျိုးကျ၍ လမ်းပန်းဆက်သွယ်မှုများ ပိတ်ဆို့လျက်ရှိသည့် သစ်ပင်၊ သစ်ကိုင်းများအား ရှင်းလင်းဖယ်ရှား ပေးခြင်း၊ ရေသန့်ယာဉ်၊ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသောနေရာများသို့ ရေပေးဝေခြင်း၊ မိုးကာတဲများနှင့် တာပေါ်လင်များ ဖြန့်ဝေပေးခြင်းတို့ကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီ ဆောင်ရွက်ခဲ့။
  • မေလ ၁၇ ရက်တွင် ကျောက်ဖြူမြို့တွင် ရောက်ရှိအခြေပြုလျက်ရှိသည့် ရေသန့်စင်ယာဉ်အပါအဝင် ယာဉ် ၁၂ စီးပါဝင်သည့် ယာဉ်အုပ်စု ၆ မှ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင်တစ်ဝိုက်တို့၌ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အများပြည်သူများ ပုံမှန်အတိုင်း သွားလာအသုံးပြုနိုင်ရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ။
  • ကျန်ရှိသည့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးယာဉ်အုပ်စုများ အနေဖြင့် ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းကြောင်းတစ်လျှောက် သစ်ပင်သစ်ကိုင်း ပိတ်ဆို့လဲကျနေမှုများအား ဖယ်ရှားရှင်းလင်းခြင်း၊ မြေပြိုပိတ်ဆို့မှုများအား ရှင်းလင်းခြင်းတို့ကို ပြုလုပ်၍ အမြန်ဆုံးရောက်ရှိနိုင်ရေး ဆက်လက်ချီတက်လျက်ရှိ။
  • မေလ ၁၇ ရက်တွင် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးများနှင့် ပူးပေါင်းကာ  ဆေးကုသမှုပေးရန် လိုအပ်သော သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု များကို ဆောင်ရွက်ပေးခဲ့။

ထိုသို့ဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၅-၂၀၂၃)

 
   
  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။

Add new comment