နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၅ ရက် ညနေပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်-

  • မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့ပြီး ရေဝပ်မှုများ ဖြစ်ပေါ်လျက်ရှိသည့် စူဋ္ဌာမဏိဂူဘုရားကြီးသို့ ရောက်ရှိကြရာ ရေစုပ်ထုတ်ရေးလုပ်ငန်းနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နောင်တွင်ယခုကဲ့သို့ ရေဝင်ရောက်မှုများ မဖြစ်စေရေး ရေထွက်ပေါက်များကိုလည်း စနစ်တကျ တွက်ချက်ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်းနှင့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီများ ရေရှည်တည်တံ့စေရေးအတွက် မှန်ဖြင့် ကာရံနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့။
  • အာနန္ဒာဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညိုကာ ဘုရားကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ရေဝင်၊ ရေဝပ်ခဲ့သည့်အခြေအနေများ၊ အာနန္ဒာအုတ်ကျောင်းထိန်းသိမ်းထားရှိမှုနှင့် ကျောင်းမုခ်ဦး ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့မှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အာနန္ဒာအုတ်ကျောင်းသည် အောက်ထပ်နံရံအပြည့်တွင် ကုန်းဘောင်ခေတ်နံရံဆေးရေးပန်းချီများ အမြောက်အများပါရှိသည့်အတွက် ကြည့်ရှုလေ့လာသူများနှင့် သဘာဝဘေး ဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ တွက်ချက်မွမ်းမံဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့။
  • ထီးလိုမင်းလိုဘုရားကြီးသို့ ရောက်ရှိကြပြီး ဘုရားကြီးအတွင်း၊ အပြင်နှင့် အထက်ပစ္စယံတို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများသည် ရှေးဟောင်းသမိုင်းဝင်လက်ရာများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်မှုများကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့။
  • အနော်ရထာမင်းကြီးနှင့် ကျန်စစ်မင်းကြီးတို့တည်ထားခဲ့သည့် ရွှေစည်းခုံစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး သဘာဝဘေးဒဏ်ကြောင့် ရေဝင်၊ ရေဝပ်ခဲ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် မွမ်းမံထိန်းသိမ်းမှုများကို ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ပြီး စေတီတော်မြတ်ကြီးရှိ ကျန်စစ်သားမင်းကြီး အတ္ထုပတ္တိကျောက်စာကို ကြည့်ရှုခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စူဋ္ဌာမဏိဂူဘုရားကြီး၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရားကြီးနှင့် ရွှေစည်းခုံစေတီတော်မြတ်ကြီးတို့တွင် ဘက်စုံအလှူငွေများ အသီးသီး ပေးအပ် လှူဒါန်းခဲ့ပြီး ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၅-၂၀၂၃)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စူဋ္ဌာမဏိဂူဘုရားကြီး၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရားကြီးနှင့် ရွှေစည်းခုံစေတီတော်မြတ်ကြီးတို့သို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ရေဝင်ရောက်ခဲ့မှုနှင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားစဉ် ဘက်စုံအလှူငွေများ အသီးသီးပေးအပ်လှူဒါန်းခဲ့။

Add new comment