ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" သည် မေ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းဒေသသို့ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ယင်းဒေသအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့ပါသည်။
အဆိုပါဒေသများ၌ လိုအပ်လျက်ရှိသည့် စက်သုံးဆီများကို စက်သုံးဆီများ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အလျင်အမြန်သယ်ယူပို့ဆောင်ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ မေလ ၁၆ ရက်တွင် MT ဇမ္ဗူတန်ဆောင် ဆီတင်ရေယာဉ်ဖြင့် ပရီမီယံဒီဇယ်ဆီ ဂါလန် ၂၀၀,၀၀၀ ကို ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ပြီး သီလဝါမှပေးပို့သော ဆီတင်ယာဉ်ဘောက်ဆာတစ်စီးမှာလည်း စစ်တွေမြို့သို့ ရောက်ရှိပြီဖြစ်ပါသည်။
ထို့အပြင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းဒေသမှ MT Khine Khine Phyo-33၊ MT Khine Khine Phyo-34 ကမ်းရိုးတန်းသွားစက်သုံးဆီ Tanker များဖြင့် ဒီဇယ်ဆီလန် ၂၅၀,၀၀၀ ၊ ဓာတ်ဆီ 92 RON ဂါလန် ၂၀၀,၀၀၀ တို့ကိုလည်း ထပ်မံဖြည့်တင်း သယ်ယူပို့ဆောင်ပေးလျက်ရှိရာ မကြာမီရက်အတွင်း စစ်တွေမြို့သို့ ရောက်ရှိမည်ဖြစ်သဖြင့် စက်သုံးဆီများကို ပြတ်လပ်မှုမရှိစေဘဲ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပါသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် ကယ်ဆယ်နေရာချထားရေးလုပ်ငန်းများအတွက် လိုအပ်သောစက်သုံးဆီများအပြင် ကျန်ကဏ္ဍစုံလုပ်ငန်းများအတွက်ကိုလည်း စဉ်ဆက်မပြတ် ဖြည့်တင်း ပေးနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးတို့ကို စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၅-၂၀၂၃)
|
Add new comment