နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား ဇန်နဝါရီလ ၁၃ ရက်တွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။   

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်က ဖြေရှင်းဆောင်ရွက်ပေးရန် ပြောကြားခဲ့သော်လည်း  တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ် ခဲ့ရခြင်းဖြစ်ကြောင်း။
  • ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရရှိခဲ့ပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ရာတွင် မဲဆွယ်စည်းရုံးစဉ် ပြောကြားချက်များ၊ ကတိ၊ ကဝတ်များကို အကောင်အထည်ဖော်ဆောင်မှုအားနည်းချက်နှင့် အုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက်များကြောင့် ပြည်သူလူထုအနေဖြင့် ရွေးကောက်တင်မြှောက်သည့် အစိုးရ အပေါ်ယုံကြည်မှုနည်း ပါးလာပြီး No Vote လှုပ်ရှားမှုများ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း။
  • ထို့ကဲ့သို့ No Vote လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းဖြင့် တရားမျှတသည့် ရွေး ကောက်ပွဲဖြစ်မည်မဟုတ်ဘဲ ဆန္ဒမဲပေးသူများအနေဖြင့် မိမိတို့ဆန္ဒနှင့်ကိုက်ညီသည့်ရွေးကောက်ခံအစိုးရကို ရရှိနိုင်မည်မဟုတ်သဖြင့် မိမိအနေဖြင့် ရောက်သည့်နေရာတိုင်းတွင် ဆန္ဒမဲများပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း။
  • ရွေးကောက်ပွဲရလဒ်များ ကြေညာသည့်အချိန်တွင် မဖြစ်နိုင်သည့် မသင်္ကာဖွယ်ရာ မဲရလဒ်များ ထွက်ပေါ်လာခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်းအတွင်း၌ပင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၃ သိန်း ၄ သောင်း ကျော်ရှိခဲ့ပြီး ထိုအထဲတွင် အသက် ၁၀၀ နှစ်နှင့်အထက် ၇၀၈ ဦးအထိ ပါဝင်နေသည်ကို စိစစ်တွေ့ရှိရကြောင်း။
  • ထိုသို့ မဲစာရင်းများကြီးမားစွာ ကွဲလွဲနေမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူအဖွဲ့အစည်းအဆင့်ဆင့်သို့ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ကြိုးပမ်းလာခဲ့သောကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန်များကို တာဝန် ယူထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် နိုင်ငံတော်၏အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာမှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်သဖြင့် နိုင်ငံတော်၏ တည်ဆဲဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) အတိုင်းသာ ဆက် လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
  • ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်ရေးလုပ်ငန်းများသည် အလွန်အရေး ကြီးပြီး မိမိတို့အနေဖြင့် တတိယလှိုင်းဖြစ်ပေါ်ခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လ တို့တွင် အခက်အခဲမျိုးစုံကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း။
  • ကာကွယ်ဆေးရရှိရေးအတွက် နိုင်ငံပေါင်းစုံနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ကာ ကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ရည်မှန်းဆောင်ရွက်ခဲ့သည့်အတိုင်း ဒီဇင်ဘာလ ကုန်တွင် ၅၀ ရာခိုင်နှုန်းကျော်အထိ ထိုးနှံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
  • ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ယခုနှစ်သည် စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်သည့်အတွက် စိန်ရတုအကြိုကာလဖြစ်ကြောင်း၊မိမိတို့လျှောက်လှမ်းနေသည့် ပါတီစုံလမ်းကြောင်းကို လျှောက်လှမ်းရာတွင် နိုင်ငံသားတိုင်းတူညီသည့် အခွင့်အရေး ရရှိရမည်ဖြစ်ကြောင်း။
  • ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးရရှိရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်မထိုးရသေးသည့်အဖွဲ့ အစည်းများပါဝင်လာနိုင်စေရေး အလွတ်သဘောဆွေးနွေးမှုများဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။
  • ရေထွက်လုပ်ငန်းနှင့်ပတ်သက်၍ အဓိကထားဆောင်ရွက်ကြသည်ဖြစ်သော်လည်း အခြား ကြက်၊ ဝက်၊ အမဲ၊ ဆိတ်မွေးမြူရေးလုပ်ငန်းများကိုလည်း နည်းလမ်း စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက ဒေသစီးပွားရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း။
  • ကျန်းမာရေးနှင့်ပတ်သက်၍ အာဟာရပြည့်ဝစွာ စားသောက်ရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် နေထိုင်သွားလာလှုပ်ရှားမှုများရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ငါးမျိုးစုံကို ရွေးချယ်စားသုံးနိုင်ပြီး အခြား အသား ငါး၊ ဟင်းသီးဟင်းရွက်များလည်း ပြည့်စုံစွာရရှိနိုင်ပြီးဖြစ်သဖြင့် ပြည့်ပြည့်ဝဝ စားသုံးကာ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကြစေလိုကြောင်း။
  • ပညာရေးကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံ၏ ပညာရည်အဆင့်အတန်း မြင့်မားစေရေးအတွက်ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုပြီး အမှန်တကယ်တတ်မြောက်အောင်လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ကြောင်း။
  • စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးကို အခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်ကြစေလိုပြီး သယံဇာတပေါကြွယ်ဝမှုနှင့် နေရာအချက်အခြာကျမှုကို အခြေခံ၍ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးရန် လိုကြောင်း။
  • ဒေသတွင်းလျှပ်စစ်ဖူလုံရေး အစိုးရမှ လုပ်ဆောင်ပေးမည်ဖြစ်သော်လည်း လျှပ်စစ် ဓာတ်အားခ သက်သာစေသည့် LED မီးအမျိုးအစားများကို သုံးစွဲခြင်းဖြင့်လည်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို သက်သာအောင်တစ်ဖက်တစ်လမ်းက လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း။
  • တနင်္သာရီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး နဂိုရှိရင်းစွဲ သယံဇာတအရင်းအမြစ်များ ကြွယ်ဝသည့်အတွက် အနာဂတ်မျှော်မှန်းချက်များစွာရှိသည့်ဒေသ တစ်ခုဖြစ်ကြောင်း၊ ပညာရေးကို အားပေးကြစေလိုပြီး စနစ်ကျနသည့် စီးပွားရေး လုပ်ငန်းများ ပေါ်ထွက်လာရေးကို အားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံ တော်အစိုးရ၏ ဦးဆောင်မှု၊ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၏ ထိန်းသိမ်းကြပ်မတ်မှု၊ ဒေသခံပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

Add new comment