ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် တိုင်းဒေကြီးနှင့် ပြည်နယ်အသီးသီးတွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ဝန်ကြီးဌာနအသီးသီးမှ အကြီးအကဲများနှင့် တာဝန်ရှိ သူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ-
-
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ပုဂံညောင်ဦးဒေသအတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်ကြသော အာနန္ဒာဘုရား၊ စူဠာမဏိဘုရားများအတွင်း ရေဝင်ရောက်မှုကို ရေစုပ်ထုတ်ခြင်းနှင့် ရေဖောက်ထုတ်ခြင်း၊ ထီးလိုမင်းလိုဘုရား အရှေ့ဘက်အဝင်မုခ် ချင်မိတ်တိုးရေနူး၍ ပဲ့ကျပျက်စီးခြင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့် ဆည်းဆောင်ရွက်ပေးခဲ့။
-
အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့။
-
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဖျာပုံမြို့၊ ဒေးဒရဲမြို့၊ ဟင်္သာတမြို့၊ လပွတ္တာမြို့၊ မော်လမြိုင်ကျွန်းမြို့နှင့် ကျိုက်လတ်မြို့များ၌ လေပြင်းတိုက်ခတ်မှု ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စေတီများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် လမ်းများပေါ်တွင် လဲကျနေသည့် သစ်ပင်သစ်ကိုင်းများအား နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်း၍ ကူညီ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။
-
အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငပုတောမြို့၊ ငရုတ်ကောင်းမြို့၊ ဖျာပုံမြို့နယ်၊ မြောင်းမြမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့များအတွင်းရှိ မုန်တိုင်းသင့်ပြည်သူများကို အိမ်မိုး သွပ်များ၊ သွပ်သံများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ဖြစ်ပေါ်ခဲ့ရသော ထိခိုက်ဆုံးရှုံးမှုများအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူရှင်များက ပါဝင်လှူဒါန်းလျက်ရှိသည့်အပြင် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၅-၂၀၂၂)
|
Add new comment