ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

      ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများလဲကျ၍ လမ်းများပိတ်ဆို့ခြင်း၊ ကားလမ်းများရေကျော်ခြင်း၊ လမ်းမီးတိုင်များပျက်စီးခြင်း၊ တာဝါတိုင်များပျက်စီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာမုန်တိုင်းဒဏ်ခံ ကာကွယ်ရေး အဆောက်အဦ (Cyclone Shelter) များ၊ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိပါသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် ပို့ဆောင် ပေးလျက်ရှိရာ-

  • မေလ ၁၅ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန် ၅၀၀ အိတ်၊ ဘီစကတ် ၄၂၅ အိတ်နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို နေပြည်တော်လေဆိပ်မှ စစ်တွေမြို့သို့ ပထမအကြိမ်ဖြင့်လည်းကောင်း၊ ဆန် ၃၅၀ အိတ်၊ ဘီစကတ် ၃၂၅ အိတ်၊ တပ်မတော်ဆေးအဖွဲ့များနှင့် ဆေးပစ္စည်းများကို ဒုတိယအကြိမ်ဖြင့်လည်းကောင်း။
  • စစ်ရေယာဉ် (၅၅၄) သည် တပ်မတော်(ရေ)မှ ကြက်ဥ ၅,၀၀၀ လုံး၊ ကြက်သား ၅၀၀ ပိဿာခန့်၊ ခေါက်ဆွဲခြောက် ၁၀၀ ဖာနှင့် ၁ လီတာရေသန့် ၆၀၀ ကတ်တို့အား တင်ဆောင်၍လည်းကောင်း။
  • မေလ ၁၆ ရက်တွင် စစ်ရေယာဉ်(မုတ္တမ)သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ၅ ဦးစာ ရိက္ခာထုတ် ၆,၀၀၀ ထုတ် (၆၀ တန်ခန့်)၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၁၂,၀၀၀ အိတ် (၆၀၀ တန်)၊ တာပေါ် လင်လိတ် ၁,၀၀၀ လိတ် (၃၇ တန်)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံးမှ ဆန် ၅ ပြည်ဝင်အိတ် ၁၀,၀၀၀ အိတ် (၁၀၅ တန်ခန့်)၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် အိမ်ရိုက်သံ ၃၅ တန်၊ သွပ် ၄၀,၀၀၀ ချပ် (၁၆၀ တန်)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ MPT Mobile ကား ၁ စီး (၅ တန်)၊ ဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်စပ်ပစ္စည်း ၁၇ တန်၊ စုစုပေါင်း ၁,၀၁၉ တန်ခန့်အားလည်းကောင်း။
  • စစ်ရေယာဉ်(မဟာဗန္ဓုလ)သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ခေါက်ဆွဲခြောက် ၁၁၃ ဖာ၊ ဓာတ်ဆားထုတ် ၈,၈၀၀ ထုတ်၊ ကြက်ဥ ၅,၀၀၀ လုံး၊ ရေသန့်နှင့် အသား/ ငါးများ၊ ငါးပိ ၁၀၀ ပိဿာ၊ ငါးခြောက် ၈၀၀ ပိဿာ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ကြက်ဥ ၁၀,၀၀၀ လုံး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၅၀၀ အိတ် (၂၅ တန်)၊ စုစုပေါင်း ၂၈.၂ တန်ခန့်အား ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့်အဖွဲ့များနှင့်အတူ မုန်တိုင်းဒဏ်သင့်ပြည်သူများသို့ပေးဝေခဲ့။

ဆက်လက်၍ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများတင်ဆောင်၍ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ထောက်ပံ့ရေးပစ္စည်းများအား ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် မေလ ၁၅ ရက်တွင် ပို့ဆောင်ခဲ့။
  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ပို့ဆောင်ရန် စစ်ရေယာဉ်(မုတ္တမ)နှင့် (မဟာဗန္ဓုလ)တို့သည် ထောက်ပံ့ရေးပစ္စည်းများ စုစုပေါင်း ၂၈.၂ တန်ခန့်အား ကူညီကယ်ဆယ် ရေးဆောင်ရွက်မည့်အဖွဲ့များနှင့်အတူ မေလ ၁၆ ရက်တွင် မုန်တိုင်းဒဏ်သင့် ပြည်သူများ သို့ပေးဝေခဲ့။

Add new comment