နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအတွက် အရေးပေါ်အစည်းအဝေး ကျင်းပပြုလုပ်

     ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်ခဲ့ပြီးဖြစ်သည့် မြို့၊ ရွာများနှင့် မုန်တိုင်းဆက်လက်ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်၌  လိုအပ်သည့် အရေးပေါ် စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို မေလ ၁၅ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် တာဝန်ရှိသူများက-

  • မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊
  • နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအရ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးသည့် မြို့၊ ရွာများ၌ တပ်မတော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများက ဝိုင်းဝန်းစုပေါင်း၍ ကြိုတင်ပြင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သော ကြောင့် လူအများသေကြေထိခိုက်မှု အနည်းဆုံးဖြင့် ကျော်လွှားနိုင်ခဲ့မှု အခြေအနေများ၊
  • ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်မှုပြတ်တောက်ခဲ့သည့် မုန်တိုင်းသင့်ဒေသများ၌ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊
  • မုန်တိုင်းသင့်ဒေသများ၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို စေလွှတ်လျက်ရှိမှုနှင့် ထပ်မံစေလွှတ်နိုင်ရေး အသင့်ပြင်ဆင်ထားရှိမှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးအချို့ ထိခိုက်ပျက်စီးမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • တပ်မတော်စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်စုပုံထားရှိသည့် သွပ်နှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများကို လေယာဉ်များ၊ မော်တော်ယာဉ်များ၊ တပ်မတော်စစ်ရေယာဉ်များဖြင့် အမြန်ဆုံးပို့ဆောင်ပေးရန်လိုကြောင်း။
  • လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက်လည်း စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကို အမြန်ဆုံးစေလွှတ်ပေးရမည်ဖြစ်သလို စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ပို့ဆောင်ပေးရန်လိုကြောင်း။
  • မုန်တိုင်းသင့်ဒေသများသို့ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိရာတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် စုပုံထားရှိသည့်အချိန်၌ ယာယီတဲများဖြင့် ထားရှိနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း။
  • မိမိတို့အနေဖြင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ခဲ့မှုများကြောင့် မုန်တိုင်းတိုက်ခိုက်ချိန်တွင် လူ့အသက်အန္တရာယ်ထိခိုက်မှုများကို အနည်းဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း။
  • မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်စုဖွဲ့ထားသည့် ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ခြင်းနှင့် စားသောက်ဖွယ်ရာများ၊ ရေသန့်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက် လုပ်ရေးသုံးပစ္စည်းကိုလည်း အမြန်ဆုံးပို့ဆောင်ပေးရန်လိုကြောင်း။
  • ဆက်သွယ်မှုပြတ်တောက်ခဲ့သည့်ဒေသများတွင် ဆက်သွယ်မှုကွန်ရက်များ ပြန်လည်ကောင်းမွန်စေရေး အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန်နှင့် ပျက်ဆီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများကိုလည်း ပြုပြင်ထိန်းသိမ်းရန်လို ကြောင်း မှာကြားခဲ့။

အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၃)

  • ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်စုပုံထားရှိသည့် သွပ်နှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများကို လေယာဉ်များ၊ မော်တော်ယာဉ်များ၊ တပ်မတော်စစ်ရေယာဉ်များဖြင့် အမြန်ဆုံး ပို့ဆောင်ပေးရန်လို။
  • လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက်လည်း စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကို အမြန်ဆုံးစေလွှတ်ပေးရမည်ဖြစ်သလို စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ပို့ဆောင်ပေးရန်လို။
  • မိမိတို့အနေဖြင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ခဲ့မှုများကြောင့် မုန်တိုင်းတိုက်ခိုက်ချိန်တွင် လူ့အသက်အန္တရာယ်ထိခိုက်မှုများကို အနည်းဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်။
  • ဆက်သွယ်မှုပြတ်တောက်ခဲ့သည့်ဒေသများတွင် ဆက်သွယ်မှုကွန်ရက်များ ပြန်လည်ကောင်းမွန်စေရေး အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန်နှင့် ပျက်ဆီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများကိုလည်း ပြုပြင်ထိန်းသိမ်းရန်လို။

Add new comment