ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) မိုခါ (MOCHA) ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို မေလ ၁၅ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ပြောကြားရာ တွင်-
- မုန်တိုင်းနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၉ ရက်ခန့်ကတည်းက မုန်တိုင်းကျရောက်နိုင်ကြောင်း သိရှိခဲ့ရသောကြောင့် မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တာဝန်ပေး၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ကြောင်း။
- မြန်မာနိုင်ငံအတွင်း မုန်တိုင်းဝင်ရောက်မည်ကို သိလျှင်သိခြင်း သတိပေးချက်များကို ချက်ချင်းထုတ်ပြန်စေခဲ့ပြီး ပြောင်းရွှေ့မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်စေခဲ့သဖြင့် ယခုကဲ့သို့ မုန်တိုင်းဒဏ်ကျရောက်ချိန်တွင် လူအများထိခိုက်သေဆုံးမှုကို များစွာရှောင်ရှားနိုင်ခဲ့ပြီး ယခုအချိန်အထိ သိရှိရသော သတင်းအချက်အလက်များအရ ၅ ဦးသာ သေဆုံးခဲ့ကြောင်း။
- မုန်တိုင်းကြောင့် ထိခိုက်မှုများဖြစ်ပေါ်ပြီးချိန်တွင် စေတနာရှင် အလှူရှင်များက ပါဝင်လှူဒါန်းလိုကြောင်း သိရှိရခြင်းကြောင့် ယခုကဲ့သို့ လှူဒါန်းပွဲကို ကျင်းပ၍ အလှူငွေများကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း။
- “တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း မိမိအနေဖြင့် ခံယူထားပြီး ယခုကဲ့သို့ တိုင်းပြည်အတွက် လိုအပ်ချိန်တွင် အားတတ်သရော ပါဝင်လှူဒါန်းခြင်းများကြောင့် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း။
- AHA Center မှတာဝန်ရှိသူများအနေဖြင့်လည်း အကူအညီများပေးအပ်နိုင်ရေး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သကဲ့သို့ အခြားနိုင်ငံများအနေဖြင့်လည်း အကူအညီများပေးအပ်ရန် ကမ်းလှမ်းလာကြောင်း။
- မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို မည်သည့်တိုက်တွန်းမှုမှ မပါဘဲ စေတနာအပြည့်ဖြင့် လာရောက်လှူဒါန်းကြခြင်းဖြစ်ကြောင်း။
- မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ အခက်အခဲအကြပ်အတည်းများကြားမှ ကျော်ဖြတ်နေရခြင်းဖြစ်ပြီး အဆိုပါအခက်အခဲအကြပ်အတည်းများကို ကျော်ဖြတ်နေရချိန်တွင် ယခုကဲ့သို့လှူဒါန်းနိုင်ခြင်းမှာလည်း စီးပွားရေးလုပ်ငန်းများပြန်လည် ကောင်းမွန်လာပြီး နိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းကြောင့်ဖြစ်ကြောင်း။
- နိုင်ငံအတွက် လိုအပ်သည့်အချိန်တွင် “လှည်းနေလှေအောင်း မြင်းဇောင်းမကျန်” လှူဒါန်းမှုများကို မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုလှူဒါန်းမှုများကို ရခိုင်ပြည်နယ်အတွက်သာမက အခြားမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများကိုပါ ခွဲဝေလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း။
- မိမိတို့တိုင်းပြည်အတွက် ဆောင်ရွက်ချိန်တွင် အရေးကြီးမှသွေးစည်းသည်မဟုတ်ဘဲ အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ တိုင်းပြည်မှလိုအပ်လာချိန်တွင် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့တိုင်းပြည်သွားချင်သည့် လမ်းကြောင်း ပေါ်တွင် သာယာဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစုများကိုယ်စား စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးမင်းဦးက အလှူငွေကျပ်သိန်း ၁၀,၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး တက် ရောက်လာကြသည့် စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ဆက်လက်ပေးအပ် လှူဒါန်းရာ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပါသည်။
မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းငွေမှာ စုစုပေါင်းအလှူငွေကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၃)
- မုန်တိုင်းနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၉ ရက်ခန့်ကတည်းက မုန်တိုင်းကျရောက်နိုင်ကြောင်း သိရှိခဲ့ရသောကြောင့် မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တာဝန်ပေး၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့။
- “တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း မိမိအနေဖြင့် ခံယူထားပြီး ယခုကဲ့သို့ တိုင်းပြည်အတွက် လိုအပ်ချိန်တွင် အားတတ်သရော ပါဝင်လှူဒါန်းခြင်းများကြောင့် ကျေးဇူးတင်ဝမ်းမြောက်မိ။
- AHA Center မှတာဝန်ရှိသူများအနေဖြင့်လည်း အကူအညီများပေးအပ်နိုင်ရေး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သကဲ့သို့ အခြားနိုင်ငံများအနေဖြင့်လည်း အကူအညီများပေးအပ်ရန် ကမ်းလှမ်းလာ။
- ယခုလှူဒါန်းမှုများကို ရခိုင်ပြည်နယ်အတွက်သာမက အခြားမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများကိုပါ ခွဲဝေလှူဒါန်းပေးသွားမည်ဖြစ်။
- မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းငွေမှာ စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်း ဖြစ်။
Add new comment