ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့် မေလ ၁၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လူနေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၈ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ပါသည်။
ထို့အပြင် ဒေသခံပြည်သူများဖြစ်သည့် စစ်တွေမြို့မှ ၁ ဦး၊ တောင်ကုတ်မြို့မှ ၁ ဦး၊ ရေကြည်မြို့မှ ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ပုဏ္ဏား ကျွန်းမြို့၊ ရသေ့တောင်မြို့၊ ပေါက်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် ပျက်စီးဆုံးရှုံးမှုများအား တာဝန်ရှိသူများက အသေးစိတ်ထပ်မံစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရား (အောက်စက်တော်ရာ) အတွင်း မန်းချောင်းရေ မြင့်တက်မှုကြောင့် ၅ ပေခန့် ရေဝင်ရောက်ခြင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ ဓမ္မရာဇာဘုရားကြီးရင်ပြင်တော် အုတ်ခုံပြိုကျခြင်း၊ ထီးလိုမင်းလိုဘုရားအရှေ့ဘက်မုခ်ဦး ပဲ့ကျခြင်း၊ သဗ္ဗညုဘုရားအုတ်တံတိုင်းပဲ့ကျခြင်း၊ ရွှေဘုံသာစေတီတော်ပြိုကျ၍ ထီးတော်မြေခခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် ဘာသာရေးဆိုင်ရာအဆောက်အဦများနှင့် စေတီပုထိုးများအား ရှေးဟောင်းသုတေသနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်နိုင်ရေး လိုအပ်သည်များ ဆောင်ရွက်လျက်ပြီး ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် မန်းရွှေစက်တော်ရာဘုရား(အောက်စက်တော်ရာ)ဘုရားတွင် ယခုအခါရေများပြန်လည်ကျဆင်းသွားပြီဖြစ်ပါသည်။ ထို့အပြင်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၅-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ လူနေအိမ်များ၊ သာသနိကအဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ဆက်သွယ်ရေးတာဝါတိုင် များ၊ လမ်းမီးတိုင်များနှင့် ဌာနဆိုင်ရာအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့၊ ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့။
- ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် ဘာသာရေးဆိုင်ရာအဆောက်အဦများနှင့် စေတီပုထိုးများအား ရှေးဟောင်းသုတေသနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြု ပြင်နိုင်ရေး လိုအပ်သည်များ ဆောင်ရွက်လျက်ရှိ။
- အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ။
Add new comment