ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sputnik Light ကိုဗစ်ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပ

ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး လေးသိန်း Doses အား လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမ ဆောင်တွင် ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr.Nikolay Listopadov တို့တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသမ္မတနိုင်ငံ သံအမတ်ကြီးက-

   - ကာကွယ်ဆေးများအား ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူ ဖြစ်စေရန် လှူဒါန်းရခြင်းဖြစ်ကြောင်း။

  - ရှေ့ဆက်၍ ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါတိုက် ဖျက်ရေးလုပ်ငန်းများအား ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက-

   - မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှု များကြောင့်  အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ကြောင်း။

   - နောက်ထပ်ပေါ်ပေါက်လာမည့် ကိုဗစ်လှိုင်းများအား ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင် ကြောင်း။

   - ယနေ့ လှူဒါန်းသော ကာကွယ်ဆေးများသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

ထို့နောက် ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံသည့်မှတ်တမ်းကို နှစ်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များအကြား အပြန်အလှန်လက်မှတ်ရေးထိုး၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူ ခြင်းမှ COVISHIELD ၁၅ ဒသမ ၄ သန်း၊ Sinopharm ၂၆ ဒသမ ၇ သန်း၊ Sinovac ၃ သန်းဖြင့် စုစုပေါင်း ၄၅ ဒသမ ၁ သန်း၊ လှူဒါန်းမှုမှ COVISHIELD ၂ ဒသမ ၅ သန်း၊ Sinopharm ၃ ဒသမ ၆ သန်း၊ Sinovac ၆ ဒသမ ၇ သန်း၊ Covaxin ၂ ဒသမ ၂ သန်း၊ Sputnik-V ၀ ဒသမ ၄ သန်း ဖြင့် စုစုပေါင်း ၁၅ ဒသမ ၄ သန်းရရှိခဲ့ရာ စုစုပေါင်း ၆၀ ဒသမ ၅ သန်းခန့် ရရှိခဲ့ပြီးဖြစ်ပါသည်။

  • ဇန်နဝါရီလ ၁၃ ရက်တွင် ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး လေးသိန်း Doses အား လွှဲပြောင်း လက်ခံခြင်းအခမ်းအနားကို ကျင်းပခဲ့။

  • ကာကွယ်ဆေးများအား ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူ ဖြစ်စေရန် လှူဒါန်းရခြင်းဖြစ်။

  • ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းနှင့် လှူဒါန်းခြင်းတို့မှ စုစုပေါင်း ၆၀ ဒသမ ၅ သန်းခန့် ရရှိခဲ့ပြီးဖြစ်။

Add new comment