အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် (အရေးပေါ်)အစည်းအဝေးကို မေလ ၁၄ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့ပါသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်သည် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ရောက်ရှိရာ ဌာနမှူး ဒေါ်သီရီမောင်က အလွန့်အလွန်အားကောင်းသော ဆိုက်ကလုန်မုန်တိုင်း (မိုခါ) ၏ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်းအဝေးကျင်းပခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြော ကြားခဲ့ရာတွင်-
- ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) မစတင်မီ မေလ ၆ ရက်ကတည်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုခေါ်ယူ၍ ရေးဆွဲပြီး သဘာဝဘေးအန္တရာယ်စီမံချက်များ၊ တည်မြဲအမိန့်များ အပေါ်မူတည်၍ မုန်တိုင်းဝင်ရောက်နိုင်သည့် ခန့်မှန်းနေရာများအလိုက်၊ ညွန်ကြားချက်များထုတ်ပြန်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းစသည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်စရာရှိသည်များကို ၉ ရက်ခန့်ကြိုတင်ပြင်ဆင်နိုင်ခဲ့ကြောင်း။
- မုန်တိုင်းအလွန်ကာလ လိုအပ်သည့်အကူအညီများနှင့် မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအလိုက် လျာထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကော်မတီဝင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာပုံမှန်အနေအထားသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်းအလွန်ကာလ ဆက်လက် ဆောင်ရွက်မည့်အစီအမံများကို ပွင့်လင်းစွာ ရှင်းလင်းတင်ပြကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒေါက်တာ သက်သက်ခိုင်တို့ကလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများကလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လည်းကောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်စုဖွဲ့ထားရှိမှုများ၊ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများရှိ ပြည်သူများအား သဘာဝဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှုများ၊ သဘာဝဘေးကျရောက်သည့်ဒေသများနှင့် ဆက်သွယ်မှု ပြတ်တောက်ခြင်းမရှိစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ သဘာဝဘေးကျရောက်သည့်ဒေသများသို့ ထောက်ပံ့နိုင်ရန် အရံဆန် ကြိုတင်ဝယ်ယူစုဆောင်းထားရှိမှုများနှင့် ဖြန့်ခွဲထားရှိမှုများ၊ ဆေးဝါး၊ အခြေခံစားသောက်ကုန်နှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထား ရှိမှု၊ သဘာဝ ဘေးအန္တရာယ်ကျရောက်လျက်ရှိသည့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားမှုများ၊ နိုင်ငံအချို့နှင့် အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (The AHA Centre) မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများ အကူအညီပေးရန် ကမ်းလှမ်းမှုအခြေအနေများ၊ မုန်တိုင်းလွန်ကာလပြန်လည်တည်ဆောက်ရေးနှင့် ပြည်လည်ထူထောင်ရေး၊ သယ်ယူပို့ဆောင်ရေးယာဉ်များ စုဖွဲ့ခြင်းနှင့်ဆက်သွယ်မှု ပြတ်တောက်ခြင်း မရှိစေရေး၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ရန်ပုံငွေများ ထုတ်ယူသုံးစွဲနိုင်ရေးတို့ကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၅-၂၀၂၂)
- ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) မစတင်မီ မေလ ၆ ရက်ကတည်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက မုန်တိုင်းဝင်ရောက်နိုင်သည့် ခန့်မှန်းနေရာများအလိုက်၊ ညွန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းစသည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်စရာရှိသည်များကို ၉ ရက်ခန့်ကြိုတင်ပြင်ဆင်နိုင်ခဲ့။
- မုန်တိုင်းအလွန်ကာလ လိုအပ်သည့်အကူအညီများနှင့် မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအလိုက် လျာထားဆောင်ရွက်ကြရမည်ဖြစ်။
- သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများရှိ ပြည်သူများအတွက် ရှာဖွေကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားဆောင်ရွက်လျက်ရှိ။
Add new comment