နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအတွက် အရေးပေါ်အစည်းအဝေးကျင်းပပြုလုပ်

        ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်မည့် အခြေအနေရှိနေသဖြင့် သဘာဝဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို မေလ ၁၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက -

  • မုန်တိုင်းဖြစ်ပေါ်လျက်ရှိမှုနှင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လျက်ရှိမှု၊ မုန်တိုင်းကြောင့် ထိခိုက်မှုများဖြစ်ပေါ်နိုင်မှုတို့နှင့်ပတ်သက်၍လည်းကောင်း၊
  • မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများသို့ ပေးပို့နိုင်ရေးအတွက် ဆန်၊ စားသောက်ဖွယ်ရာပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ စုဆောင်းပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ တပ်မတော်မှ ဆေးဝါးများနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့များ ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှု၊
  • လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်နိုင်ရေး လေယာဉ်၊ ရဟတ်ယာဉ်များ အသင့်ပြင်ဆင်ထားရှိမှု၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့်ဒေသများတွင် ပြောင်းရွှေ့ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့များ၊ အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်များပါဝင်သည့် မော်တော်ယာဉ်အစုအဖွဲ ၁၀ ဖွဲ့ ဖွဲ့စည်းထားရှိပြီး စေလွှတ်ဆောင်ရွက်နေမှု၊
  • လမ်းပန်းဆက်သွယ်ရေးမပြတ်တောက်စေရန်အတွက် အရေးပေါ်သုံး၊ စစ်သုံးဘေလီတံတားများ ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိမှု၊ အရေးပေါ်ရဟတ်ယာဉ်ကွင်းများ တည်ဆောက်နိုင်ရေး Helipad များ ပြင်ဆင်ပို့ဆောင်ထားရှိမှု၊ ရေသန့်ယာဉ်များ၊ မီးစက်များ ဆောင်ရွက်ထားရှိမှု၊
  • ဒေသအလိုက် ဖြစ်ပွားနေသည့် မုန်တိုင်းနှင့်သက်ဆိုင်သည့်အခြေအနေများကို အမြဲမပြတ်သတင်းရရှိရေးနှင့် ထုတ်လွှင့်နိုင်ရေး ကျောပိုးဂြိုလ်တုဆက်သွယ်ရေးစနစ်ဖြင့် ဆောင်ရွက်နေမှု၊
  • အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲလျက်ရှိသည့်  မုန်တိုင်းသတင်းများနှင့်ပတ်သက်၍ ပြည်သူများအချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေး ရုပ်မြင်သံကြားအစီအစဉ်များ၊ ရေဒီယိုအသံလွှင့်အစီအစဉ်များနှင့် Website များ၌ အမြဲမပြတ် ထုတ်လွှင့်ဆောင်ရွက်ပေး လျက်ရှိမှု၊
  • မုန်တိုင်းဒဏ်ကြောင့်ဖြစ်ပွားမည့် သဘာဝဘေးဒဏ်သင့်ဒေသများတွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစ၍ မုန်တိုင်းသတိပေးချက်များကို ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိပြီး ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များကို ဆောလျှင်စွာပြင်ဆင်စေခဲ့ကြောင်း။
  • ကမ်းရိုးတန်းဒေသများတွင်သာမက ကုန်းတွင်းသို့ မုန်တိုင်းဝင်ရောက်ပြီး မုန်တိုင်းဖြတ်သန်းရာဒေသများ၌လည်း ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သဖြင့် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ကြောင်း။
  • မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဆန်နှင့်ရိက္ခာများကို ကြိုတင်စုဆောင်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး တပ်မတော်လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုကြောင်း။
  • ယနေ့မှစ၍ ယာဉ်တင်အသင့်ဆောင်ရွက်မှုကို စတင်ပြုလုပ်ထားရန်လိုကြောင်း၊ အရေးပေါ်ရိက္ခာဖြန့်ဝေရာတွင် လျင်မြန်ထိရောက်မှုရှိစေရေး ရိက္ခာများဖြန့်ဖြူးပေးမှုအဆင်ပြေစေရေး ထုပ်ပိုးမှုများကို လွယ်ကူစွာသယ်ဆောင်နိုင်သည့် ထုပ်ပိုးမှုများဖြစ်အောင် ပြင်ဆင်ထားရန်လိုကြောင်း၊
  • မုန်တိုင်းဒဏ်ထိခိုက်သည့် ဒေသများ၌ ပြင်ဆင်မှုများ ဆောင်ရွက်ပေးရာတွင် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ စေတီပုထိုးများ ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း။
  • ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဆေးဝါးများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုသကဲ့သို့ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်များကို လည်း ယနေ့မှစတင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုကြောင်း။
  • ၎င်းရေယာဉ်များအပေါ်၌ အရေးပေါ် စားနပ်ရိက္ခာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း အသင့်တင်ဆောင်ထားရှိရန်လိုကြောင်း။
  • မုန်တိုင်းတိုက်ခတ်နေချိန်အတွင်း လေယာဉ်၊ ရဟတ်ယာဉ်များ ပျံသန်းခြင်းမပြုလုပ်နိုင်သော်လည်း မုန်တိုင်းဝင်ရောက်ပြီးချိန်တွင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေး စစ်တွေလေယာဉ်ကွင်းအား ညအချိန်တွင်ပါ ဆင်းသက် နိုင်ရန် ပြေးလမ်းမီးများအပါအဝင် အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိရန်လိုကြောင်း။
  • အရေးပေါ်ကူညီကယ်ဆယ်ရေး ယာဉ်အစုအဖွဲ့ ၁၀ ဖွဲ့အပြင် အဖွဲ့ ၂ ဖွဲ့ကိုလည်း ထပ်မံဖွဲ့စည်းထားရှိပြီး လိုအပ်သည့်နေရာသို့ လိုအပ်သည့်အချိန်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများ အချိန်မီပို့ဆောင်နိုင်ရေး ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန်လိုကြောင်း။
  • မုန်တိုင်းဝင်ရောက်နိုင်သည့် ကမ်းရိုးတန်းဒေသများပါမက မုန်တိုင်းသက်ရောက်နိုင်သည့် ကုန်းတွင်းပိုင်းဒေသများသည်လည်း ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် အန္တရာယ်များအတွက် သတိရှိစေရေး လှုံ့ဆော်ပြန်ကြားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • မုန်တိုင်းသတိပေးချက် လှုံ့ဆော်မှုများကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲသိရှိစေရေး နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်သွားရန်လို ကြောင်း၊ (AHA Center) နှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။
  • ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာပစ္စည်းများကို လျင်မြန်ထိရောက်စွာ ပို့ဆောင်နိုင်ရေးလေယာဉ်ယာဉ်ပေါ်အသင့်၊ ရေယာဉ်ယာဉ်ပေါ်အသင့်၊ မော်တော်ယာဉ်ယာဉ်ပေါ်အသင့်ဖြစ်စေရေး ကြိုတင်ဆောင်ရွက်ထားရန် လိုကြောင်း၊

မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦးတစ်ယောက်မှ ကျန်ရှိမှုမရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင်မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့် တစ်ပြေးညီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၅-၂၀၂၃)

  • မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဆန်နှင့်ရိက္ခာများကို ကြိုတင်စုဆောင်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး တပ်မတော်လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ အသင့်ပြင်ဆင်ထားရှိရန်လို။
  • ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဆေးဝါးများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုသကဲ့သို့ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်များ ကိုလည်း ယနေ့မှစတင်၍ အသင့်ပြင်ဆင်ထားရှိရန်လို။
  • မုန်တိုင်းဝင်ရောက်ပြီးချိန်တွင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေး စစ်တွေလေယာဉ်ကွင်းအား ညအချိန်တွင်ပါ ဆင်းသက်နိုင်ရန် ပြေးလမ်းမီးများအပါအဝင် အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိရန်လို။
  • အရေးပေါ်ကူညီကယ်ဆယ်ရေး ယာဉ်အစုအဖွဲ့ ၁၀ ဖွဲ့အပြင် အဖွဲ့ ဖွဲ့ကိုလည်း ထပ်မံဖွဲ့စည်းထားရှိပြီး လိုအပ်သည့်နေရာသို့ လိုအပ်သည့်အချိန်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများ အချိန်မီပို့ဆောင်နိုင်ရေး ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန်လို။
  • မုန်တိုင်းသတိပေးချက် လှုံ့ဆော်မှုများကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲသိရှိစေရေး နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်သွားရမည်ဖြစ်။
  • ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာပစ္စည်းများကို လျင်မြန်ထိရောက်စွာ ပို့ဆောင်နိုင်ရေး လေယာဉ်ပေါ်အသင့်၊ ရေယာဉ်ပေါ်အသင့်၊ မော်တော်ယာဉ်ပေါ်အသင့်ဖြစ်စေရေး ကြိုတင်ဆောင်ရွက်ထားရန်လို။
  • မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦးတစ်ယောက်မှ ကျန်ရှိမှုမရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်လို။
  • ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင်မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်လျက်ရှိ။

Add new comment