မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့မှ ကြီးမှူးကျင်းပသည့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံခြင်း(၇၅)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို မေလ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံခြင်း(၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံခြင်း(၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် Video Clip ကို ကြည့်ရှုခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံခြင်း (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင်-
- မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်၊ ဇန်န ဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့၌ပင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည့်အတွက် ယခုအခါ (၇၅)နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီဖြစ်ကြောင်း။
- မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ၁၉၅၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် “ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးစာချုပ်” (Treaty of Peace and Friendship) ကို ချုပ်ဆိုခဲ့ကြပြီး အဆိုပါစာချုပ်အရ “နှစ်နိုင်ငံကြား ထာဝရတည်မြဲသော ငြိမ်းချမ်းရေးနှင့် မပြောင်းလဲသော ချစ်ကြည်ရေး”ကို တည်ဆောက်နိုင်ခဲ့ကြကြောင်း။
- မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ် စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရစဉ်အချိန်၌ အိန္ဒိယနိုင်ငံက မိတ်ဆွေကောင်းပီသစွာဖြင့် ဆန်တန်ချိန်(၉)သိန်း ရောင်းချပေးခဲ့သည်ကိုလည်း မိမိတို့မြန်မာများရင်ထဲတွင် အမြဲအမှတ်တရရှိနေသည်ကို ပြောကြား လိုကြောင်း။
- လူမှုရေးအကူအညီများအဖြစ် ၂၀၁၆ ခုနှစ်တွင် ငလျင်ဒဏ်ခံခဲ့ရသည့် ပုဂံဘုရားများကိုပြုပြင်ရာတွင် အိန္ဒိယအစိုးရက လှူဒါန်းမှုများပြုလုပ်ခဲ့သကဲ့သို့ လက်ရှိကမ္ဘာတစ်ဝန်း ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield (၁၃ ဒသမ ၄) သန်းကို ရောင်းချပေးသည့်အပြင် Sasakawa ဖောင်ဒေးရှင်းက Covaxin(၂)သန်းနှင့် အိန္ဒိယအစိုးရက Covaxin (၁)သန်းတို့ကို မိတ်ဆွေကောင်းပီသစွာ ပေးအပ်လှူဒါန်းခဲ့သည့်အတွက် အထူး ကျေးဇူးတင်ရှိသည်ကို မှတ်တမ်းတင်ပြောကြားလိုကြောင်း။
- ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသည် ကုလားတန်မြစ်ကြောင်းတစ်လျှောက် စစ်တွေဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်ပေးမည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ ပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာနိုင်သည့်အပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း။
- ကုလားတန်စီမံကိန်းတွင်ပါဝင်သည့် စစ်တွေဆိပ်ကမ်းကိုအခြေပြုပြီး စစ်တွေအထူးစီးပွားရေးဇုန်တစ်ခုလည်း ပေါ်ပေါက်လာမည့် အလားအလာကောင်းများရှိနေပြီဖြစ်ကြောင်း။
- လက်ရှိအိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) လက်ထက်တွင် မြန်မာနှင့်အိန္ဒိယ၏ ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အရေးပါဆုံး အနေအထားတစ်ရပ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း။
- ချစ်ကြည်ရင်းနှီးမှု၊ ကောင်းမွန်သည့် ဆက်ဆံပေါင်းသင်းမှုများ အစဉ်အဆက်ရှိခဲ့ကြသည်ကို ပြန်ကြည့်မည်ဆိုပါက ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို တစ်နိုင်ငံက လေးစားပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသစွာ ဆက်ဆံခဲ့ကြသောကြောင့်ပင်ဖြစ်ကြောင်း။
- အိန္ဒိယနိုင်ငံ၏ “အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ” အရ အရှေ့တောင်အာရှဒေသနှင့် ကူးလူးဆက်သွယ်မှုမြှင့်တင်လိုသည့် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာအရအရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံကို အရှေ့တောင် အာရှဒေသနှင့် ချိတ်ဆက်ပေးထားသည့် ကုန်းမြေတံတားလည်းဖြစ်သည့်အတွက် အဆိုပါပထဝီနိုင်ငံရေးအားသာချက်ကို အပြည့်အဝအသုံးချနိုင်မည်ဆိုပါက မိမိတို့နှစ်နိုင်ငံလုံး၏ ပြည်သူများအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
- မြန်မာပြည်သူလူထု မျှော်မှန်းသည့် မြန်မာတိုင်းရင်းသားများလိုလားသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကြီးကို ထူထောင်နိုင်ရေးတွင် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက ကူညီပေးခဲ့သည်များကိုလည်း ယခုလို အခွင့်အခါကြုံကြိုက်စဉ်မှာ မှတ်မှတ်ထင်ထင် ကျေးဇူးတင်စကားပြောကြားလိုကြောင်း။
- အထင်ရှားဆုံးသာဓကမှာ ၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံကို ပညာတော်သင်စုစုပေါင်း (၆,၆၀၀) ကျော် စေလွှတ်နိုင်ခဲ့မှုသည် ထင်ရှားသည့်သက်သေ၊ ခိုင်မာသည့် မှတ်တမ်းတစ်ခုပင်ဖြစ်ကြောင်း။
- ယနေ့ကမ္ဘာကြီးကို ကြည့်မည်ဆိုပါက အင်အားကြီးနိုင်ငံအချို့သည် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံငယ်များ၏ ပြည်တွင်းရေးများကို ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းအရာအဖုံဖုံနှင့် နည်းလမ်းမျိုးစုံသုံးပြီး ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို အခြေခံကာ ဝင်ရောက်စွက် ဖက်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
- မိမိတို့ မြန်မာနိုင်ငံအနေဖြင့် မည်သို့သောစိန်ခေါ်မှုများ ရင်ဆိုင်ရသည်ပင်ဖြစ်စေ မိမိနိုင်ငံ၊ မိမိလူမျိုးအကျိုးစီးပွားကို မထိခိုက်စေမည့်၊ နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှုကို မပျက်ယွင်းစေမည့် ကျင့်ဝတ်စည်းကမ်းများကို အလေးထားသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် ဒေသတွင်းအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို အတိအလင်းပြောကြားလိုကြောင်း။
- နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုမှသည် နိုင်ငံများ၏အကျိုး၊ ပြည်သူများ၏အကျိုး၊ ဒေသအကျိုးစီးပွားများ တိုးတက်မြှင့်တင်နိုင်ခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ကြဉ်းပေးနိုင်ပါစေကြောင်းဖြင့် ပြော ကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များ၏ နှစ်နိုင်ငံယဉ်ကျေးမှုအကပဒေသာများ၊ တေးသီချင်းများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံခြင်း(၇၅)နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၄-၂၀၂၃)
- ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသည် ကုလားတန်မြစ်ကြောင်းတစ်လျှောက် စစ်တွေဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်ပေးမည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ ပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာနိုင်သည့်အပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်။
- လက်ရှိအိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) လက်ထက်တွင် မြန်မာနှင့်အိန္ဒိယ၏ ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အရေးပါဆုံး အနေအထားတစ်ရပ်ကို ရောက်ရှိလာခဲ့ပြီဖြစ်။
- ချစ်ကြည်ရင်းနှီးမှု၊ ကောင်းမွန်သည့် ဆက်ဆံပေါင်းသင်းမှုများ အစဉ်အဆက်ရှိခဲ့ကြသည်ကို ပြန်ကြည့်မည်ဆိုပါက ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ တစ်နိုင်ငံ၏အချုပ်အခြာအာဏာကို တစ်နိုင်ငံက လေးစားပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသစွာ ဆက်ဆံခဲ့ကြသောကြောင့်ပင်ဖြစ်။
- အိန္ဒိယနိုင်ငံ၏ “အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ” အရ အရှေ့တောင်အာရှဒေသနှင့် ကူးလူးဆက်သွယ်မှုမြှင့်တင်လိုသည့် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံကို အရှေ့တောင် အာရှဒေသနှင့် ချိတ်ဆက်ပေးထားသည့် ကုန်းမြေတံတားလည်းဖြစ်သည့်အတွက် အဆိုပါပထဝီနိုင်ငံရေးအားသာချက်ကို အပြည့်အဝ အသုံးချနိုင်မည်ဆိုပါက မိမိတို့နှစ်နိုင်ငံလုံး၏ ပြည်သူများအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဖြစ်။
- မိမိတို့မြန်မာနိုင်ငံအနေဖြင့် မည်သို့သောစိန်ခေါ်မှုများ ရင်ဆိုင်ရသည်ပင်ဖြစ်စေ မိမိနိုင်ငံ၊ မိမိလူမျိုးအကျိုးစီးပွားကို မထိခိုက်စေမည့်၊ နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှုကို မပျက်ယွင်းစေမည့် ကျင့်ဝတ်စည်းကမ်းများကို အလေးထားသည့် နိုင်ငံတစ် နိုင်ငံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် ဒေသတွင်းအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်။
Add new comment