မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နေသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ဝင်ရောက်တိုက်ခတ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အရေးပေါ်ဆောင်ရွက်လျက်ရှိပါသည်-
- မေလ ၁၁ ရက်တွင် နေပြည်တော်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးပြုလုပ်ခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)နှင့်စပ်လျဉ်းပြီး ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်မှ မုန်တိုင်းလမ်းကြောင်းကျရောက်နိုင်သည့် မြို့နယ်များတွင် လိုအပ်သည်များ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ပျက်စီးဆုံးရှုံးမှုအနည်းဆုံးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်မည့်အခြေအနေများ၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား၊ ယာဉ်အင်အား၊ စက်ပစ္စည်းကိရိယာအင်အားများ စုဖွဲ့ထားရှိမှုအခြေအနေများ၊ Cyclone Shelter နှင့် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွေ့ပြီးစီးမှုအခြေအနေများ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ စေလွှတ်ပြီးစီးမှုအခြေအနေများ၊ ကယ်ဆယ်ရေး ပစ္စည်းများ၊ မိုးကာတဲများနှင့် တာပေါ်လင်စများ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့။
- မေလ ၁၀ ရက်မှ ၁၃ ရက်တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရေကြည်မြို့၊ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီမြို့တို့တွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြုပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေး အဆောက်အဦများ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ် (၅) မျိုးနှင့် သောက်သုံးရေလုံလောက်စွာရရှိရန် ဆောင်ရွက်ထားရှိခြင်းတို့ကို သက်ဆိုင်ရာနယ်မြေအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ။
- မေလ ၁၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နှင့် မြောင်းမြမြို့နယ်အတွင်းရှိ မုန်တိုင်းဘေးရှောင်ပြည်သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။
- မေလ ၁၂ ရက်တွင် ကချင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြစ်ကြီးနားမြို့၌ လူစည်ကားသည့် လမ်းဆုံများ၊ ဈေးများ၊ ကားဂိတ်များ၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့။
- မေလ ၁၃ ရက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိ ၅ မြို့နယ်၊ ရခိုင်ပြည်နယ်ရှိ ၁၅ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးရှိ ၁၄ မြို့နယ်တို့ရှိ ပြည်သူများအား ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့။
- ထို့အပြင် ဘေးအန္တရာယ်ကျရောက်နိုင်သောနေရာများမှ ပြည်သူများအား နယ်မြေခံတပ်မတော်သားများက ကြိုတင်ရွေ့ပြောင်းပေးခြင်း၊ မိုးသက်လေပြင်းကျရောက်ခြင်းကြောင့် သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှု၊ ချောင်းရေကျော်နေမှုကြောင့် သွားလာရေး ခက်ခဲမှုများကို ကူညီဆောင်ရွက်ပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ရွေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ။
- မုန်တိုင်းဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများတွင် ပါဝင်သော ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ရပ်ကွက်နေပြည်သူများအား တာဝန်ရှိသူများက မေလ ၁၃ ရက်တွင် ယာယီခိုလှုံရာစခန်းများသို့ ရွေ့ပြောင်းခြင်းနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိ။
- မေလ ၁၃ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများပြားနိုင်သော အနိမ့်ပိုင်းရပ်ကွက်များနှင့် ပင်လယ်ကမ်းခြေတစ်လျှောက်ကျေးရွာများမှ ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေ တပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့များက မုန်တိုင်းဒဏ်ခံကာကွယ်ရေးအဆောက်အဦများ၊ ယာယီခိုလှုံရာစခန်းအသီးသီးတွင် ရွေ့ပြောင်းနေရာချထားပေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့အား တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့။
မိုခါမုန်တိုင်းအခြေအနေအား မြန်မာ့အသံနှင့် မြဝတီရုပ်မြင်သံကြားတို့မှာ နာရီစဉ်အလိုက် ပြောင်းလဲဖြစ်ပေါ်နေမှုများအား အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပြီး မုန်တိုင်းလမ်းကြောင်းအတွင်း ကျရောက်နိုင်သည့် မြို့/ရွာများရှိ ပြည်သူလူထုအား ဘေးလွတ် ရာသို့ ရွေ့ပြောင်းနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၅-၂၀၂၃)
- အစည်းအဝေးတွင် မုန်တိုင်းကျရောက်နိုင်သည့် မြို့နယ်များတွင် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်မည့် အခြေအနေများ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ စေလွှတ်ပြီးစီးမှု အခြေ အနေများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာတဲများ၊ တာပေါ်လင်စများ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့။
- သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြုပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံကာကွယ်ရေးအဆောက်အဦများ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ်(၅ မျိုးနှင့် သောက်သုံးရေလုံလောက်စွာရရှိရန် ဆောင်ရွက်ထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ။
- မုန်တိုင်းအခြေအနေ ပြောင်းလဲဖြစ်ပေါ်နေမှုများအား အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပြီး မုန်တိုင်းလမ်းကြောင်းအတွင်းကျရောက်နိုင်သည့် မြို့/ရွာ များရှိ ပြည်သူလူထုအား ဘေးလွတ်ရာသို့ ရွေ့ပြောင်းနိုင်ရေးစီမံဆောင်ရွက်ပေးလျက်ရှိ။
Add new comment