နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ မေလ ၁၂ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)ရှင်များက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ်ဒေသများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နေရာများအား လမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- သယံဇာတပစ္စည်းများနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ကုန်ကြမ်းရောင်းချခြင်းထက် ကုန်ချောပြုလုပ်၍ ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
- အာရှနိုင်ငံများအတွင်းရှိသည့် မြန်မာနိုင်ငံနှင့် Level တူနိုင်ငံများတွင် မိမိတို့နိုင်ငံ၏ ဂျီဒီပီသည် နိမ့်ကျလျက်ရှိပြီး ထို့သို့ဖြစ်ပေါ်ရခြင်းမှာ နိုင်ငံမတည်ငြိမ်ခြင်းနှင့် ကုန်ထုတ်လုပ်မှုများ နည်းပါးခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊
- စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံစီးပွားရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
- ကော်ဖီဈေးကွက်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးအတွက်မှာ မိမိတို့ထုတ်လုပ်သည့် ကော်ဖီ၏အရည်အသွေးနှင့် တိုက်ရိုက်အချိုးကျသည်ဖြစ်သဖြင့် လုပ်ငန်းစဉ်များအလိုက် ပြည့်ဝစွာဆောင်ရွက်ပြီး အရည် အသွေး ကောင်းမွန်သည့်ကော်ဖီကို ထုတ်လုပ်ရန်လိုပြီး လက်ဖက်စိုက်ပျိုးမှုများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း။
- ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းနှင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဖြစ်ကြောင်း။
- ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင်ရွက်ရာတွင် မိရိုးဖလာဖြင့် ဆောင်ရွက်ခြင်းထက် ခေတ်နှင့်လျော်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း။
- ဒေသအတွင်းမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း။
- ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့်လည်း တည်းခိုရန်နေရာများ၊ စားသောက်ဖွယ်ရာများ၊ ဒေသထွက်အစားအသောက်များကို အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်လိုကြောင်း။
- နိုင်ငံတော်အနေဖြင့် လူသားအရင်းအမြစ်များ ရရှိရေးအတွက် ခရိုင် ၅၀ တွင် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိကြောင်း။
- ကျောင်းသားကျောင်းသူများအနေဖြင့် စီးပွားရေးပညာရပ်များကို သိရှိစေရေးနှင့် ဥပဒေဆိုင်ရာများကို နားလည်စေရေးအတွက် တက္ကသိုလ်များ၌ စီးပွားရေးဘာသာရပ်များနှင့် ဥပဒေဘာသာရပ်များကို သင်ကြားပေး လျက်ရှိကြောင်း။
- နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တိုက်အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုး တက်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပစ္စည်းများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဆိုပါနေ့နံနက်ပိုင်းတွင်လည်း ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လမ်းရေရှည်ခိုင်ခံ့စေရေး ကြိုတင် တွက်ချက်တည်ဆောက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၄-၂၀၂၃)
- သယံဇာတပစ္စည်းများနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ကုန်ကြမ်းရောင်းချခြင်းထက် ကုန်ချောပြုလုပ်၍ ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်။
- စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံစီးပွားရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်။
- ကော်ဖီဈေးကွက်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးအတွက်မှာ မိမိတို့ထုတ်လုပ်သည့် ကော်ဖီ၏အရည်အသွေးနှင့် တိုက်ရိုက်အချိုးကျသည်ဖြစ်သဖြင့် လုပ်ငန်းစဉ်များအလိုက် ပြည့်ဝစွာဆောင်ရွက်ပြီး အရည် အသွေးကောင်းမွန်သည့် ကော်ဖီကို ထုတ်လုပ်ရန်။
- ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းနှင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဖြစ်။
- ဒေသအတွင်းမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်။
- နိုင်ငံတော်အနေဖြင့် လူသားအရင်းအမြစ်များ ရရှိရေးအတွက် ခရိုင် ၅၀ တွင် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိ။
Add new comment