၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) သတိပေးထုတ်ပြန်ချက်
(က) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)အခြေအနေ
- ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင်ဘက် ရေမိုင်(၁၂၀)မိုင်ခန့်၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၃၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun) ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၄၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
- မုန်တိုင်း၏ လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။
- အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၃၀)မှ (၁၃၇)မိုင်နှုန်းခန့် ဖြစ်ပါသည်။
(ခ) နောက်(၃၆)နာရီအတွင်း ခန့်မှန်းချက်
- အဆိုပါအလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော်လျက် ရှိကာ၊ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း “မိုခါ” မုန်တိုင်း၏ ဗဟိုချက်သည် နေ့လယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထို့နောက်အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဆီသို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။
(ဂ) သတိပေးနှိုးဆော်ချက်
- အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏အရှိန်ကြောင့် ယနေ့နံနက်မှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် နေရာအနှံ့အပြား မိုးရွာသွန်းနိုင်မည်ဖြစ်ပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
- နောက်(၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများ ကျရောက်၍ လှိုင်းအလွန်ကြီးနေမည်ဖြစ်ပြီး လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် (၁၁၀) မှ မိုင်(၁၂၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၆) ပေမှ ပေ (၂၀)ခန့် ရှိနိုင်ပါသည်။
- မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများ ကျရောက်၍ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနေမည်ဖြစ်ပြီး လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀) ပေမှ (၁၄)ပေခန့် ရှိနိုင်ပါ သည်။
- ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၁၀)မှ မိုင် (၁၂၀)ခန့်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၇၀)မှ မိုင်(၉၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။
- မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆)ပေမှ ပေ(၂၀)ခန့်အထိ မြင့်တက်လာ နိုင်သည်ဟု ခန့်မှန်းထားသည်။
အဆိုပါအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ အရှိန်ကြောင့် မုန်တိုင်းဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် ကြိုတင်သတိပြုရှောင်ရှားကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ပင်လယ်ပြင်သို့ လုံးဝ(လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုများအနေဖြင့်သက်ဆိုင်ရာတာဝန်ရှိသူများ၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားကြရန် သတိပေးထုတ်ပြန်ထားပါသည်။
သတင်းရင်းမြစ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
-
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟု သတ်မှတ်ထား။
-
အဆိုပါ မုန်တိုင်းသည် ၁၄-၅-၂၀၂၃ ရက်မှစတင်၍ ရခိုင်ကမ်းရိုးတန်းကို ဖြတ် ကျော်လာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူ မြို့တို့ကြား စစ်တွေမြို့အနီး မှ အားကောင်းစွာ ဖြတ်ကျော်လာနိုင်။
-
ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏အရှိန်ကြောင့် မုန်တိုင်းဒီရေမြင့်တက်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်။
Add new comment