နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၁ ရက်တွင် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၊ ကျိုင်းတုံလေဆိပ်အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများနှင့် ကျိုင်းတုံဟော်နန်း ပုံစံတူတည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကျိုင်းတုံလေဆိပ်ရှင်းလင်းဆောင်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တာဝန် ရှိသူများက လေယာဉ်ပြေးလမ်းနှင့် လေဆိပ်အဆင့်မြှင့်တင်နိုင်မည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လျာထားစီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ကျိုင်းတုံလေဆိပ်ကို မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း။
- အိမ်နီးနားချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက်ပျံသန်းဆင်းသက်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း။
- ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ယခုကဲ့သို့အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေယာဉ်ကွင်း၊ လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်းတည်ရှိသည့်နေရာတွင် ကျိုင်းတုံဟော်နန်းပုံစံတူတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နောင်တုံကန်ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေ အနေများနှင့် ကန်ပတ်လမ်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၅-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေဆိပ်အဆင့်မြှင့်တင်နိုင်မည့်အခြေအနေများနှင့် ကျိုင်းတုံဟော်နန်းပုံစံတူတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့။
- ကျိုင်းတုံလေဆိပ်ကို မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်ဆောင်ရွက်ရန်လို။
- အိမ်နီးနားချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက်ပျံသန်းဆင်းသက်နိုင်ရေး ဆောင်ရွက်ရန်လို။
Add new comment