နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး မစ္စတာဆာအု(ဒ်) ဘင်အဗ္ဗဒူ(လ်)လာအယ်လ်စုဘိုင်ကို မေလ ၁၀ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတိုးတက်ခိုင်မာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြှင့်တင်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန်နားလည်မှု၊ ထောက်ခံမှုများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးစသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၅-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးများ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံရာတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန်နားလည်မှု၊ ထောက်ခံမှုများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးစသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
Add new comment