ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်များသို့ သဘာဝဘေးမုန်တိုင်းအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဆေးဝါး ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို မေလ ၁၀ ရက်တွင် ရန်ကုန်မြို့မှ စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် အမ်းမြို့များသို့ တပ်မတော်လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခဲ့ပါသည်။
ဆေးဝါးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများဖြစ်သည့် ရေသန့်ဆေးပြားများ၊ ဆေးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးဆေးပစ္စည်းစုံပုံးများ၊ ရေသန့်စက်များ၊ ရေပုံးများ(၂၀ လီတာဝင်)၊ ဓာတ်ဆားအိတ်များ၊ Body Bag များ၊ ကြိုးခွေများ၊ မိုးကာစများနှင့် ခြောက်ဆွဲခြောက်များတို့အား အဆိုပါမြို့ ၃ မြို့သို့ အသီးသီးပို့ဆောင်ပေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လေဆိပ်၌ လက်ခံရယူ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကူညီသယ်ဆောင်ပြီး သတ်မှတ်သိုလှောင်ရုံများသို့ ပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါဆေးဝါးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား သက်ဆိုင်ရာမြို့နယ်များသို့ အမြန်ဆုံးဆက်လက်ဖြန့်ဝေပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၅-၂၀၂၃)
|
Add new comment