နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၀ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင်-
- မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အဓိကကုန်ထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သောကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏ဘဝများ ထူးခြား စွာ တိုးတက်ပြောင်းလဲလာမည်ဟု သုံးသပ်တွေ့ရှိရကြောင်း။
- စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိပြီး ၂၀၂၃ ခုနှစ်တွင် အဆိုပါမိုးစပါးစိုက်ပျိုးမြေများမှ ၁ ဒသမ ၈ သန်းခန့်တွင် နွေစပါးစိုက်ပျိုးသည်ကို တွေ့ရှိရကြောင်း။
- စိုက်ပျိုးရန်ကျန်ရှိသည့် စိုက်ပျိုးမြေများတွင် ၄ သန်းခန့်အား သီးထပ်စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းဖြင့် တွက်ချက်မည်ဆိုပါက ၂၈၉ ဒသမ ၅၄ တင်းသန်း ထွက်ရှိမည်ဖြစ်ကြောင်း။
- တစ်တင်းလျှင် ၁၀,၀၀၀ နှုန်းဖြင့်တွက် ချက်ကြည့်မည်ဆိုပါက စပါးတင်းသန်း ၂၉၀ အတွက် ဘီလီယံ ၂,၉၀၀ ရရှိပြီး တိုင်းပြည်၏ စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း။
- အဆိုပါစိုက်ပျိုးခြင်းမရှိသည့် စိုက်ပျိုးမြေဧက ၄ သန်းပေါ်တွင် အခြားသီးနှံများနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်မည်ဆိုပါကလည်း စပါးကဲ့သို့များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
- ဝါစိုက်ပျိုးမှုများ မြှင့်တင်ရန်အတွက် ယခုအခါနိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ဝတ်ရေးဖူလုံရေးအတွက် ဝါစိုက်ပျိုးမှုများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
- ဆီထွက်သီးနှံများစိုက်ပျိုးရေးနှင့် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်စေရေး အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့်ဆီများ စားသုံးနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
- မြန်မာကော်ဖီသည် ပြည်ပဈေးကွက်ဝင်ပစ္စည်းဖြစ်သဖြင့် အောင်မြင်အောင် စိုက်ပျိုးကြရန်လိုသကဲ့သို့ ပြောင်းသည်လည်း ပြည်ပကွက်ဈေးကွက်ရှိပြီးဖြစ်သဖြင့် စိုက်ပျိုးမှုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
- စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေရန်အတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးသည် အဓိကကျပြီး ရေကိုအကျိုးရှိထိရောက်စွာ အသုံးချ၍ စိုက်ပျိုးမည်ဆိုပါက အပင်များရှင်သန်ဖြစ် ထွန်းနိုင်မည်ဖြစ်ကြောင်း။
- ဧရာဝတီမြစ်အနီးရှိ စိုက်ပျိုးမြေများကိုလည်း မြေစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်သကဲ့သို့ အချို့မြစ်ကြောင်းများတွင် Low Head Dam များတည်ဆောက်၍ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လျာထားစီမံချက်များနှင့် စိုက်ပျိုးရေးစွမ်းအား မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧကကွက်များကို ဖော်ထုတ်ဆောင်ရွက်ရန်လိုကြောင်း၊ လယ်မြေများ ဆုံးရှုံးမှုမရှိစေရေးနှင့် လယ်ယာမြေများကို အခြားနည်းများဖြင့် အသုံးချခြင်းမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။
- စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်စေရေး ဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး သီးထပ်စွမ်းအားတိုးတက်စေရေး တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးရန်လိုကြောင်း။
- တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ်မှတ်ထားသည့် စိုက်ပျိုးမြေများတွင် အပြည့်အဝ စိုက်ပျိုးမှုရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။
- ရာဘာများစိုက်ပျိုးရာတွင်လည်း အထွက်နှုန်းကောင်းမွန်စေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း။
- ပေါ်ဆန်းမွှေးကဲ့သို့သော မိမိတို့နိုင်ငံ၏ မျိုးရင်းများကို ထိန်းသိမ်းရန်လိုသကဲ့သို့ အထွက်နှုန်းတိုးတက်စေရန်နှင့် အရည်အသွေးများ ပိုမိုတိုးတက်လာအောင် သုတေသနပြု ဆောင်ရွက်ရန်လိုကြောင်း။
- ပန်းမန်နှင့်ပတ်သက်၍လည်း မေမြို့ပန်း၊ ဒေလီယာပန်းနှင့် အခြားမိမိတို့နိုင်ငံမှထွက်ရှိသည့် ပန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် သုတေသနပြုထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း။
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသူများအနေဖြင့်လည်း ပညာရှင်ဆန်ဆန်ရေးသားခြင်း၊ ထုတ်လွှင့်ခြင်းများထက် လူအများနားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် ပညာပေးဆောင်ရွက်နိုင်ရန်လိုကြောင်း။
- စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် တစ်ဟုန်ထိုးတိုးတက်သွားနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အစည်းအဝေးတက်ရောက်လာကြသူများသည် ခန်းမအတွင်းခင်းကျင်းပြသထားသည့် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြုစိုက်ပျိုးထုတ်လုပ်သော စပါး၊ ပဲအမျိုး မျိုး၊ ပြောင်း၊ နေကြာ၊ ဆီထွက်သီးနှံများ၊ မီးဖိုချောင်သုံးသီးနှံများ၊ ပန်းပေါင်းစုံပျားရည် များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၅-၂၀၂၃)
- မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အဓိကကုန်ထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သောကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏ဘဝများ ထူးခြားစွာ တိုးတက်ပြောင်းလဲလာမည်ဟု သုံးသပ်တွေ့ရှိရ။
- ဆီထွက်သီးနှံများစိုက်ပျိုးရေးနှင့် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်စေရေး အလေးထားဆောင်ရွက်ပေးစေလို။
- မြန်မာကော်ဖီသည် ပြည်ပဈေးကွက်ဝင်ပစ္စည်းဖြစ်သဖြင့် အောင်မြင်အောင် စိုက်ပျိုးကြရန်လိုသကဲ့သို့ ပြောင်းသည်လည်း ပြည်ပကွက်ဈေးကွက်ရှိပြီးဖြစ်သဖြင့် စိုက်ပျိုးမှုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လို။
- စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧကကွက်များကို ဖော်ထုတ်ဆောင်ရွက်ရန်လို။
- စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်စေရေး ဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး သီးထပ်စွမ်းအားတိုးတက်စေရေး တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးရန်လို။
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသူများအနေဖြင့်လည်း ပညာရှင်ဆန်ဆန်ရေးသားခြင်း၊ ထုတ်လွှင့်ခြင်းများထက် လူအများနားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် ပညာပေးဆောင်ရွက်နိုင်ရန်လို။
- စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် တစ်ဟုန်ထိုးတိုးတက်သွားနိုင်။
Add new comment