အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားဖွင့်ပွဲအခမ်းအနားကို မေလ ၉ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ အိန္ဒိယနိုင်ငံဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Shri Sar-bananda Sonowal ဦးဆောင်သော အိန္ဒိယနိုင်ငံအစိုးရ၏ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီးတို့က အမှာစကားများ ပြောကြားခဲ့ကြပါ သည်။
စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖွင့်လှစ်နိုင်မှုသည် အိန္ဒိယနိုင်ငံအတွက်သာမက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွက်ပါ များစွာအကျိုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ပြီး ပင်လယ်/ပြည်တွင်းရေကြောင်းလမ်းများနှင့် မော်တော်ကားလမ်းကို ချိတ် ဆက်၍ ဘက်စုံသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ခြင်းကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ဒေသတွင်းကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင်ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များအကြား လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုလည်း ပိုမိုကောင်းမွန် လာပြီး ဒေသခံများ၏ လူမှုစီးပွားဘဝသည်လည်း များစွာတိုးတက်လာမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိမည် ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံမှ လာရောက်သော အပြည်ပြည်ဆိုင်ရာကုန်စည်တင်သင်္ဘော ITT Lion သည် စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်ရာ တာဝန်ရှိသူများက စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ လှည့်လည်ကြည့်ရှုခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အိန္ဒိယနိုင်ငံဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Shri Sarbananda Sonowal ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်တွေမြို့ရှိ Royal Sittwe Resort Hotel ၌ တွေ့ဆုံ၍ စစ်တွေဆိပ်ကမ်းဖွင့်လှစ်နိုင်မှုကြောင့် စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ဒေသတွင်းနိုင်ငံများသို့ ကုန်သွယ်မှုများတိုးမြင့်တင်ပို့နိုင်မည့် အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏စီးပွားရေးအခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိနိုင်မည့်အခြေအနေ၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အကြား သယ်ယူပို့ဆောင်မှု ချောမွေ့လာမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၅-၂၀၂၃)
|
Add new comment