ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်းအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်နိုင်သည့် အခြေအနေ ရှိသဖြင့် မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
- နိုင်ငံတော်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် မေလ ၆ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ဦးစီးပြုလုပ်ခဲ့ပြီး မုန်တိုင်းဝင် ရောက်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်ရန် ညွှန်ကြားခဲ့။
- အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတစ်ရပ်ဖြစ်သော နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီအနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာသည့် လေယာဉ်များ ဖြတ်သန်းခွင့်/ဆင်းသက်/ရပ်နားခွင့်၊ အခွန်ကင်းလွတ်ခွင့်၊ ပြည်ဝင်ဗီဇာခွင့်ပြုရေး၊ ကုန်တင်/ကုန်ချကိစ္စများ အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့။
- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်များ၊ ယန္တရားများ အသင့်စုဖွဲ့ထားပြီး ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ပို့ဆောင်နိုင်ရေးအတွက် လမ်းကြောင်းများ ကြိုတင်စီမံပြုစုထားရန်နှင့် ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် အင်တာနက်နှင့် တယ်လီဖုန်းအသုံးပြုနိုင်သော ဂြိုလ်တုဆက်သွယ်ရေးစနစ်များနှင့် ရွေ့လျားမိုဘိုင်းတာဝါယာဉ်များကို အသင့်ပြင်ဆင်ထားရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့။
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အရေးကြီးသောနေရာများဖြစ်သည့် ကွပ်ကဲမှုရုံး၊ ဆေးရုံ၊ အုပ်ချုပ်မှုအဆောက်အအုံဖြစ်သည့် ကယ်ဆယ်ရေးစခန်းနေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး အရန်မီးစက်များကို ကြိုတင်ဖြန့်ခွဲထားရှိရန်၊ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး ဓာတ်အားဖွင့်/ပိတ်စနစ်များကို စနစ်တကျထိန်းချုပ်ထားရန်၊ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲဖြစ်သော စီမံကိန်းဆိုင်ရာအဆောက်အအုံများနှင့် တမံများကို သဘာဝဘေးကြောင့် ထိခိုက်သက်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သွားရန် အစည်းအဝေးကျင်းပဆောင်ရွက်ခဲ့။
- ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခု၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၂ ခု၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၉ ခုတို့ရှိ မီးသတ်စခန်းများတွင် ကြိုတင်ပြင်ဆင်ဇာတ်တိုက် လေ့ကျင့်မှုများနှင့် ပြည်သူများအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့။
- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များနှင့်အတူ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့။
- အဆိုပါတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ သိုလှောင်ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာနှင့် သောက်သုံးရေများ ပြင်ဆင်ထားရှိခြင်းများကို ကြည့်ရှုစစ်ဆေးခဲ့။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၉ ခု၊ မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ၊ ဗဟိုဆေးသိုလှောင်ရေးဌာနနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ မုန်တိုင်းဒဏ်ခံကာကွယ်ရေးအဆောက်အအုံ (Cyclone Shelter) များနှင့် ကယ်ဆယ်ရေးအဖွဲ့များ အသင့်ပြင်ဆင်ထားရှိပြီး ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၅-၂၀၂၃)
- ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်းအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာနိုင်။
- မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ။
- ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခု၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၂ ခု၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၉ ခုတို့ရှိ မီးသတ်စခန်းများတွင် ကြိုတင်ပြင်ဆင်ဇာတ်တိုက် လေ့ကျင့်မှုများနှင့် ပြည်သူများအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့။
Add new comment