AHA Centre မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များ လိုက်ပါလာသည့်ယာဉ်တန်းအား အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်

      မေလ ၇ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရန် အတွက် AHA Centre မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ သံရုံးတို့မှ ကိုယ်စားလှယ်များလိုက်ပါလာသည့် မော်တော်ယာဉ်တန်းအား ဆီဆိုင်မြို့နယ်၊ နန့်အောရွာ၏ မြောက်ဘက်မီတာ ၂၀၀ ခန့်အကွာသို့အရောက်၌ အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ လုံခြုံရေးများလိုက်ပါလာသည့် မော်တော်ယာဉ်၌ လက်နက်ငယ်ကျည်တစ်ချို့ ထိမှန်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတော်အနေဖြင့် အာဆီယံတူညီဆန္ဒ(၅)ရပ်အနက် စတုတ္ထမြောက်အချက်ဖြစ်သည့် လူသားချင်းစာနာမှုအကူအညီများပံ့ပိုးရေးကိစ္စများတွင် အပြုသဘောဆောင်စွာဖြင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စာနာမှုအကူအညီများ လိုအပ်သူများထံသူများထံ ဖြန့်ဖြူးနိုင်ရေးနှင့် လိုအပ်သူမည်သူတစ်ဦးမျှ မကျန်စေရေးမူကို လက်ကိုင်ပြုကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သမားများကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ဒေသခံပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိပံ့ပိုးနိုင်ရေးအပြင် လုံခြုံရေးနှင့် ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးတို့အတွက် တာဝန်သိပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

အကြမ်းဖက်သမားများ၏ ယခုကဲ့သို့ ယုတ်မာသောလုပ်ဆောင်မှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေမည်ဖြစ်ပြီး ယာယီနေရပ်စွန့်ခွာနေသူများအတွက်လည်း အခက်အခဲများ ပိုမိုဖြစ်ပေါ်လာသဖြင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေးတို့အတွက် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး (Counter Terrorism Operation)ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၅-၂၀၂၃)

  • AHA Centre မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များ လိုက်ပါလာသည့်ယာဉ်တန်းအား အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ လုံခြုံရေးများ လိုက်ပါလာသည့် မော်တော်ယာဉ်၌ လက်နက်ငယ်ကျည်တစ်ချို့ ထိမှန်ခဲ့။
  • အကြမ်းဖက်သမားများ၏ ယခုကဲ့သို့ ယုတ်မာသောလုပ်ဆောင်မှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေမည်ဖြစ်ပြီး ယာယီနေရပ်စွန့်ခွာနေသူများအတွက်လည်း အခက်အခဲများ ပိုမိုဖြစ်ပေါ်လာသဖြင့် ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိ။
  • လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း တည်ငြိမ်ရေးတို့အတွက် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး (Counter Terrorism Operation)ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိ။

Add new comment